နော်ဝေကမ်းလွန်ပင်လယ်ပြင်၌ မုန်တိုင်းကြောင့် လှိုင်းလေထန်နေစဉ် ဒုက္ခတွေ့ခဲ့ရသည့် အပျော်စီးသင်္ဘောတစ်စင်းပေါ်မှ ခရီးသည်နှင့် အမှုထမ်း ၁၃၀၀ ကျော်ကို လေကြောင်းမှ ကယ်ထုတ်ရန် ကယ်ဆယ်ရေး သမားများသည် မတ် ၂၄ ရက် တစ်ရက်လုံး ကြိုးပမ်းခဲ့ကြရသည်။
ဖြစ်စဉ်မှာ မတ် ၂၃ ရက် မွန်းလွဲပိုင်းက Viking Sky သင်္ဘောမှာ စက်ရပ်သွားပြီး More og Romsdai စီရင်စု၏ ကမ်းလွန်၌ရှိသော အန္တရာယ်များသည့် ရေပြင်သို့ နှစ်ကီလိုမီတာ (၁.၂) မိုင်အထိ မျောပါသွားခဲ့သည်။ ထို့ကြောင့် သင်္ဘောကပ္ပတိန်မှာ အခက်အခဲ ကျရောက်မှုအတွက် အကူအညီလှမ်းတောင်း ခံခဲ့ရသည်။
အာဏာပိုင်များသည် ခရီးသည်များကို သင်္ဘောပေါ်တွင် ဆက်မထားပဲ အလွန်ခက်ခဲသည့် အခြေအနေအောက်တွင် ရဟတ်ယာဉ်ဖြင့် သင်္ဘောပေါ်မှလူများအား လေကြောင်းမှ ကယ်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။
မတ် ၂၄ ရက် အစောပိုင်းတွင်မူ သင်္ဘော၏ အင်ဂျင်လေးလုံးအနက် သုံးလုံးကို ပြန်လည်ပတ်နိုင်စေရန် သင်္ဘောသားများက စွမ်းဆောင်နိုင်ခဲ့ကြသည်။ ထိုစဉ်အာဏာပိုင်များသည် သင်္ဘောပေါ်ရှိ လူ ၁၃၇၃ ဦးအနက် ၃၉၇ ဦးကို ရဟတ်ယာဉ်များဖြင့် ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။ ရဟတ်ယာဉ်များသည် ခရီးစဉ်တစ်ခေါက်လျှင် လူ ၁၅ ဦးမှ ၂၀ အထိ သယ်ဆောင်ကြခြင်းဖြစ်သည်။ လူ ၁၇ ဦးကိုမူ ဆေးရုံတင်ခဲ့ရသည်။
တစ်ဖက်တွင်လည်း သင်္ဘောသည် အန္တရာယ်များပြီး ကျောက်ဆောင်ထူထပ်သော ရေပြင်၏ အပြင်ဘက်သို့ နှစ်မိုင်၊ သုံးမိုင်အထိသို့ ဖြည်းဖြည်းချင်း မောင်းထွက်နိုင်ခဲ့ပြီးနောက် မိုဒီဆိပ်ကမ်း( အော်စလိုမြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀၀ အကွာ)သို့ ကပ်နိုင်စေရန် ဆွဲသင်္ဘောတစ်စင်းက ကူညီပေးနေသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဆိုသည်။
ယခု ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ရဟတ်ယာဉ်ငါးစင်းသည် ခေါက်တုံ့ခေါက် ပြန်ပျံသန်းကာ ကမ်းရိုးတမ်းစောင့်တပ်ဖွဲ့များ၊ အခြားကယ်ဆယ်ရေးသင်္ဘောများနှင့်အတူ ဆွဲသင်္ဘောနှစ်စင်းလည်း ရောက်လာကြသည်။
အဆိုပါတုန်လှုပ်ချောက်ချားဖွယ် ဖြစ်စဉ်အား ရိုက်ကူးထားသည့် ဗီဒီယိုထဲတွင် သင်္ဘောပေါ်မှ ပရိဘောဂများ၊ အပင်များမှာ လဲကျနေပြီး မျက်နှာကျက်နေရာအချို့မှာလည်း ပြိုကျနေသည်ကို တွေ့ရသည်။ ထိုစဉ် အသက်ကယ်ဝတ်စုံ ဝတ်ဆင်ထားသည့် ဒါဇင်နှင့်ချီသော ခရီးသည်များသည် သင်္ဘောပေါ်မှ ထွက်ခွာခွင့်ရရှိရန် ထိုင်၍ စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။
“သင်္ဘောကနေခွာဖို့ ရဟတ်ယာဉ်ကို စောင့်နေရတုန်းပဲ။ အကြာကြီးရှိနေပါပြီ” ဟု ရိုင်ယန်ဖလင်း အမည်ရှိသူက ပြောကြားခဲ့သည်။ လေကြောင်းမှ ကယ်ထုတ်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၏ ပြောခွင့်ရပုဂ္ဂိုလ် ပါဖဂျေက ဆိုသည်။
“ကျွန်မဘဝမှာ တစ်ခါမှ အဲသလောက် မကြောက်ဖူးဘူး။ ရဟတ်ယာဉ်ခရီးစဉ်ဟာလည်း ကြောက်စရာပဲ။ လေဆင်နှာမောင်း တစ်ခုလို လေတွေတိုက်နေခဲ့ပါတယ်” ဟု ကယ်ဆယ်ခံခဲ့ရသော ဂျက်နက်ဂျက်ကော့ အမည်ရှိ ခရီးသည်တစ်ဦးက ဆိုသည်။
နာမည်ဆိုးဖြင့် ကျော်ကြားသည့်ရေပြင်
Viking Sky သင်္ဘောသည် ဆိုးရွားသည့် ရာသီဥတုအတွင်း ထရွန်ဆိုမှ စတာဗန်ဂါသို့ ဦးတည်ခုတ်မောင်းနေစဉ် အင်ဂျင်ပြဿနာနှင့် ကြုံရခြင်းဖြစ်သည်။ “မမြင်ရတဲ့ ကျောက်ဆောင်တွေ အများကြီးရှိတဲ့ ဒီလိုရေပြင်မှာ အင်ဂျင်ပြဿနာကြုံရတာဟာ တအားအန္တရာယ်များပါတယ်” ဟု ရဲလုပ်ငန်းစဉ် အကြီးအကဲ အန်ဒရာဖရန့်က ဆိုသည်။
Viking Sky သင်္ဘော ဒုက္ခတွေ့ခဲ့သည့် Hustadvika ဟုခေါ်သော ရေပြင်သည် ရေကြောင်းသွားလာရန် ခက်ခဲသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားလှသော နေရာဖြစ်သည်။ ကမ်းရိုးတန်းမှ ရေမိုင် ၁၀ မိုင် အကွာတွင် ရှိသည့် ရေတိမ်သော ထိုနေရာတွင် ကျွန်းငယ်များ၊ ကျောက်ဆောင်များစွာ ရှိနေသည်။
Viking Sky ပေါ်တွင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများအပြင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ခရီးသည်များ လိုက်ပါလာကြသည်ဟု သိရသည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်