တဲအဗစ်မြို့မြောက်ပိုင်းရှိ လူနေရပ်ကွက်ထဲမှ နေအိမ်တစ်လုံးသို့ မတ် ၂၅ ရက်က ဂါဇာကမ်းမြောင်မှ ပစ်လွှတ်လိုက်သည့် ရော့ကတ်တစ်စင်း ကျရောက်ထိမှန်ခဲ့ရာ အစ္စရေးခုနစ်ဦး ဒဏ်ရာရသွားခဲ့သည်။ ထို့ကြောင့် အမေရိကန်သို့ ရောက်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် လုံခြုံရေးအခြေအနေကြောင့် ၎င်း၏ခရီးစဉ်အား ချုံ့၍နေရပ်သို့ ပြန်လာရန် စီစဉ်နေပြီဖြစ်သည်။
ဧပြီ ၉ ရက် အစ္စရေးရွေးကောက်ပွဲ မတိုင်မီ အခြေအနေများသည်အလွန်အမင်း ထိရှလွယ်နေစဉ် ယခုရော့ကတ်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ရော့ကတ်ပစ်လွှတ်မှုနှင့် ပတ်သက်၍ ဟားမားစ်အုပ်စု၏ လက်ချက်ဟု အစ္စရေး စစ်တပ်က စွပ်စွဲခဲ့ပြီး ဂါဇာဧရိယာတွင် တပ်များ တိုးမြှင့်ချမည့်အကြောင်း ကြေညာခဲ့ကာ ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ရာဖာဒေသမှ ရော့ကတ်ပစ်လွှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
ဟားမားစ်တို့အုပ်ချုပ်နေသော ဂါဇာဒေသဝန်းကျင်သို့ အားဖြည့်ရန် တပ်ဖွဲ့နှစ်ခုစေလွှတ်မည်ဖြစ်ကြောင်း ၊ အရန်တပ်ကိုလည်း အကန့်အသတ်ဖြင့် ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း အစ္စရေးစစ်တပ်က ဆိုသည်။
မတ် ၂၅ ရက် နှောင်းပိုင်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တွေ့ဆုံပြီးနောက် နေရပ်သို့ ပြန်လာမည်ဖြစ်ကြောင်း၊ မတ် ၂၆ ရက်တွင် အစ္စရေးလိုလားသော ဆွယ်တရားဟောရေးအုပ်စုဖြစ်သည့် AIPAC ၏ နှစ်ပတ်လည်ညီလာခံ၌ မိန့်ခွန်းပြောကြားရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်အကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။
ဂါဇာနှင့် ဆက်သွယ်ထားသည့် နေရာများ၌ လူနှင့်ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်ပြီဖြစ်ပြီး ပါလက်စတိုင်း ငါးဖမ်းသမားများအား ခွင့်ပြုထားသော မြေထဲပင်လယ်ထဲမှ နေရာအကျယ်အဝန်းကိုလည်း လျှော့ချလိုက်သည့်အကြောင်း အစ္စရေးအစိုးရဘက်မှ ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။
ရော့ကတ်ထိမှန်ခဲ့သည့် နေအိမ်သည် တဲအဗစ်မြောက်ဘက် ၁၂ မိုင်အကွာ၌ရှိသော မစ်ရှ်မီရတ်ရပ်ကွက်ထဲတွင် တည်ရှိသည်။ မစ်ရှ်မီရတ်ရပ်ကွက်မှ နေအိမ်သို့ ထိမှန်နိုင်ရန် ထိုရော့ကတ်သည် အကွာအဝေး ကီလိုမီတာ ၁၂၀ ( ၇၅ မိုင်) အထိရောက်ရှိရန် လိုအပ်သည်။ ဂါဇာမှ ပစ်လိုက်သည့် ရော့ကတ်တစ်စင်းသည် ထိုအကွာအဝေးသို့ထိ မှန်သည်မှာ ရှားပါးဖြစ်စဉ်ဖြစ်သည်။
ရော့ကတ်ကြောင့် ဒဏ်ရာရသွားသူများမှာ မိသားစုတစ်စုတည်းမှဖြစ်ပြီး ခြောက်လအရွယ် ကလေးတစ်ဦးအပါအဝင် ကလေးသုံးဦး ပါဝင်ကြသည်။ ဒဏ်ရာများမှာ မပြင်းထန်သော်လည်း ရော့ကတ်ကြောင့် နေအိမ်တစ်ခုလုံး မီးလောင်ပျက်စီးခဲ့သည်။
အစ္စလာမ္မစ်ဂျီဟတ်၏ သတိပေးချက်
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဟားမားစ်အုပ်စုထံမှ တုံ့ပြန်မှုမထွက်လာသေးပေ။သို့သော် ဂါဇာထဲမှ ၎င်းတို့၏ မဟာမိတ်ဖြစ်သော အစ္စလာမ္မစ်ဂျီဟတ်အုပ်စုက “ဂါဇာ ကမ်းမြောင်ကို ရန်လာမစဖို့ ရန်သူဇီယွန်တွေကို ကျွန်တော်တို့ သတိပေးပါတယ်။ ရန်စလာရင် အင်နဲ့အားနဲ့ တုံ့ပြန်မယ်ဆိုတာ သူတို့ခေါင်းဆောင်တွေ သတိထားသင့်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။
ရလဒ်မခန့်မှန်းနိုင်သော ရွေးကောက်ပွဲများ ကျင်းပတော့မည့်အချိန်တွင် နေတန်ယာဟုသည် ဂါဇာနှင့် စစ်ဖြစ်လိုလိမ့်မည် မဟုတ်ဟု လေ့လာသူအများအပြားက သုံးသပ်နေကြသည်။
Ref; AFP
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်