မြောက်ကိုရီးယား ယန္တရားတပ်မှစစ်သားများသည် နိုင်ငံ၏ကာကွယ်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်သည့် အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုသီတင်းပတ်ကုန်တွင် အမြောက်ပစ်ပြိုင်ပွဲ တစ်ခုပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက နိုဝင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။
စစ်ရေးလေ့ကျင့်မှုသဘောသက်ရောက်သည့် ယင်းအမြောက်ပစ်လေ့ကျင့်မှုများကို နိုဝင်ဘာ ၆ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းသည် ၎င်း၏စစ်ရေး လေ့ကျင့်မှုကို ဝေဖန်နေသော်လည်း အမေရိကန်နှင့် တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုများကိုမူ ဝေဖန်ခြင်းမရှိသဖြင့် လိုတစ်မျိုး၊ မလိုတစ်မျိုး မူဝါဒကို ကျင့်သုံးနေသည်ဟု မြောက်ကိုရီးယားက စောဒကတက်ခဲ့သည်။
ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက်များဖြင့် ပိတ်ဆို့မှုများချမှတ်ခံခဲ့ရသည့် ၎င်း၏နျူကလီးယားလက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းကို နိုင်ငံတကာ၏ လက်ခံမှုရရှိရန် ရည်ရွယ်နေမှုနှင့်အတူ ၎င်း၏ကာကွယ်ရေးလှုပ်ရှားမှုများကို ပုံမှန်ဖြစ်စေရန် ကြိုးပမ်းနေသည်ဟု သုံးသပ်ခဲ့သည်။
မြောက်ကိုရီးယား၏ ကြီးမားသည့် သမားရိုးကျ အမြောက်တပ်ဖွဲ့မှ အများစုကို တောင်ကိုရီးယားနှင့်ထိစပ်နေသည့် လုံခြုံရေးတင်းကျပ်သည့် နယ်စပ်တစ်လျှောက်တွင် ဖြန့်ကျက်ချထားခဲ့ပြီး ယင်းအမြောက်များသည် တောင်ကိုရီးယား၏ လူနေထူထပ်သည့် ဆိုးလ်မြို့တော်ကို ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်း ရှိနေသည်။
မြောက်ကိုရီးယား၏ မိမိကိုယ်ကို ကာကွယ်ရေးခေါင်းစဉ်အောက်တွင် နိုင်ငံ့ကာကွယ်ရေး စွမ်းဆောင်ရည်များကို တိုးမြှင့်ရာတွင် ကဏ္ဍသစ်တစ်ရပ်အနေနှင့် ကိုရီးယားပြည်သူ့တပ်မတော် (KPA) အတွင်း ခိုင်မာသည့် လေ့ကျင့်ရေးအစီအစဉ်များကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေချိန်တွင် ယင်းစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု KCNA က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် အမြောက်ပစ်လေ့ကျင့်မှုများကို မြောက်ကိုရီးယား၏ အာဏာရအလုပ်သမားပါတီ၏ ဗဟိုကော်မတီမှ နိုင်ငံရေးဗျူရို အမြဲတမ်းပါတီကော်မတီအဖွဲ့ဝင် ပါ့ခ်ဂျုံချွန်က ကြီးကြပ်ခဲ့ခြင်းဖြစ်သည်ဟု KCNA က ဖော်ပြခဲ့သည်။
ပါ့ခ်သည် မြောက်ကိုရီးယား၏ အင်အားကြီး စစ်တပ်နှင့် ဒုံးကျည်စီမံကိန်းများတွင် အဓိကအခန်းကဏ္ဍမှာ ဦးဆောင်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် KPA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရင်ကွမ်အီနှင့် အမြောက်ပစ်ပြိုင်ပွဲဝင် တပ်ဖွဲ့များ၏ ထိပ်သီးတပ်မှူးများကလည်း စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
တပ်မှူးများက အမြောက်များကို ပစ်မိန့်ပေးချိန်တွင် ပြိုင်ပွဲဝင်တပ်ဖွဲ့များသည် ရန်သူအဖြစ်သတ်မှတ်ထားသည့် ပစ်မှတ်များကို တိကျသေချာစွာ ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့သည်ဟုလည်း KCNA က ဖော်ပြခဲ့သည်။
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ
-
တရုတ်စက်ရုံက ရုရှားအတွက် စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ပေးနေသည်ဟူသောကိစ္စကို ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမည်
-
ထိုင်းနိုင်ငံရောက် မြန်မာမိဘများက မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ကြေညာ
-
■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်