နျူကလီးယားလက်နက်ကိုယ်စီ ပိုင်ဆိုင်ကြသည့် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်စေခဲ့သည့် ယခုနောက်ဆုံးဖြစ်ပွားသော နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် အိန္ဒိယနှင့် တရုတ်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း စစ်ဦးစီးမှူးတို့အကြား အဆင့်မြင့်အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။
စနစ်တကျ ပိုင်းခြားထားခဲ့မှု မရှိခဲ့သော နယ်စပ်အလျား ၃,၅၀၀ ကီလိုမီတာ (၂,၂၀၀ မိုင်) အတွက် ဒေသတွင်း အင်အားကြီးနှစ်နိုင်ငံအကြား မကြာသေးမီသီတင်းပတ်များအတွင်းက တင်းမာမှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
တိဘက်ဒေသနှင့် မျက်နှာချင်းဆိုင်နေသော အိန္ဒိယနိုင်ငံ လာဒက်ဒေသတွင် ပဋိပက္ခဖြစ်ပွားမှု၌ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ ထောင်နှင့်ချီလျက် ပါဝင်ခဲ့သည်။
“ နှစ်ဖက်စလုံးက နယ်စပ်ဒေသတွေရဲ့ အနေအထားကို အပြန်အလှန်သဘောတူညီချက် အမျိုးမျိုးနဲ့အညီ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ်တွင် ပြောကြားထားသည်။
စစ်ဦးစီးမှူးများအနေဖြင့် အစောပိုင်းဖြေရှင်းချက်တစ်ရပ်ကို သဘောတူညီခဲ့ခြင်းသည် ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးအတွက် အလွန်အရေးပါသည်ဟုလည်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးအနေဖြင့် အနေအထားကို ဖြေရှင်းရန်နှင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုကို အာမခံနိုင်ရန်တို့အတွက် စစ်ရေးနှင့် သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ရှေ့တန်းဒေသတွင် တရုတ်နှင့် အိန္ဒိယစစ်သားများအကြား ပဋိပက္ခနှင့် ရန်ပွဲများ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးသော်လည်း မကြာသေးမီနှစ်များအတွင်း ပို၍အကြိမ်များလာခဲ့ခြင်းဖြစ်သည်။
မေ ၉ ရက်တွင် ဆစ်ကင်ပြည်နယ်၌ ဖြစ်ပွားသော လက်သီးဖြင့် ထိုးကြိတ်မှု၊ ကျောက်တုံးဖြင့် ပစ်ပေါက်မှု ရန်ပွဲအတွင်း တရုတ်စစ်သားများနှင့် အိန္ဒိယစစ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ချိန်မှစ၍ နှစ်ဖက်တင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရက်ပိုင်းအတွင်း တရုတ်တပ်ဖွဲ့ဝင်များသည် လာဒက်ဒေသရှိ နယ်ခြားမျဉ်းကို ဖြတ်ကျော်လျက် အနောက်ဘက်သို့ ဝင်ရောက်ခဲ့ကြသည်ဟု အိန္ဒိယအာဏာပိုင်များက ပြောကြားခဲ့သည်။
ယင်းနောက် အိန္ဒိယသည် မျက်နှာချင်းဆိုင်နေရာများ၌ တပ်ဖွဲ့ဝင်အင်အားကို တိုးမြှင့်ချထားခဲ့သည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးက တစ်ဖက်နှင့် တစ်ဖက် အပြစ်တင်နေကြသော်လည်း နယ်စပ်ဒေသတွင် အိန္ဒိယက လမ်းသစ်များ ဖောက်လုပ်နေသည့်ကိစ္စရပ်ကြောင့် အငြင်းပွားမှု ပေါ်ပေါက်ရခြင်း ဖြစ်ဖွယ်ရှိသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
ချူရှူးမော်ဒိုဒေသ၌ ပြုလုပ်သည့် နှစ်ဖက်စစ်ဦးစီးမှူးတို့အကြား ဆွေးနွေးမှုများသည် ဆစ်ကင်ပဋိပက္ခပြီးနောက် ပြုလုပ်သည့် ရာထူးအဆင့်အမြင့်ဆုံး ဆွေးနွေးပွဲဖြစ်သည်ဟု ယူဆရသည်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့သည် ၎င်းတို့၏ စစ်တပ်များအကြား နယ်စပ်ဆက်ဆံရေးကို မြှင့်တင်ရန် သဘောတူညီခဲ့ကြသည့် လွန်ခဲ့သောနှစ်နှစ်ကျော်ခန့်က ထိပ်သီးဆွေးနွေးပွဲ၌ တင်းမာမှုများ လျော့ပါးစေရန် ကြိုးပမ်းခဲ့ကြသေးသည်။
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ