Top News

အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင်ခဲ့သော်လည်း အများပြည်သူဆိုင်ရာ နေရာများကို ပြန်လည်ဖွင့်လှစ်
24htopnews | October 16, 2024 11:12 AM CST

အိန္ဒိယတွင် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် စံချိန်တင် မြင့်တက်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းရှိ မြို့များစွာတွင် စျေးဝယ်စင်တာများနှင့် ဘုရားကျောင်းများကို ဇွန် ၈ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

သီတင်း ၁၀ ပတ်ကြာ Lockdown ချထားပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းများ အထိနာပျက်စီးမှုကို လျော့ပါးစေရန် ကြိုးပမ်းမှုအဖြစ် ကန့်သတ်ချက်အချို့ကို အစိုးရအဖွဲ့က အရဲစွန့်ပြီး ရုပ်သိမ်းခဲ့သည်။

ဇွန် ၈ ရက်တွင် ဗိုင်းရပ်စ်ကူးစက်မှုသစ် အရေအတွက်သည် ၉,၉၈၃ ရှိခဲ့ပြီး နိုင်ငံတစ်ဝန်း ကူးစက်သူ စုစုပေါင်း ၂၅၆,၆၁၁ ဦးအထိ မြင့်တက်လာခဲ့မှုကြောင့် လူဦးရေ ၁.၃ ဘီလျံရှိ အိန္ဒိယနိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံများထဲတွင် ဗြိတိန်နှင့် စပိန်နိုင်ငံတို့ကို ကျော်တက်ရန် ဦးတည်နေပြီ ဖြစ်သည်။

အိန္ဒိယတွင် ထုတ်ပြန်ခဲ့သည့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၇,၁၃၅ သည် ဗိုင်းရပ်စ်ကူးစက်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် နိုင်ငံများထက် နည်းပါးသော်လည်း ကပ်ရောဂါသည် ဇူလိုင်တွင် ပြည်တွင်း၌ အထွတ်အထိပ် ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။

မြို့တော် ဒေလီတွင် စျေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဘုရားကျောင်းများနှင့် ဗလီများကို  မတ် ၂၅ ရက်နောက်ပိုင်း ပထမအကြိမ် ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

အစမ်းသဘော ဖွင့်လှစ်ခဲ့သော်လည်း ဝတ်ပြုဆုတောင်းသည့် နေရာအချို့သို့ လူနည်းနည်းချင်း သွားရောက်နေပြီ ဖြစ်သည်။ နှာခေါင်းစည်း တပ်ဆင်ပြီး လက်သန့်ဆေး ယူဆောင်လာသည့် စီးပွားရေးလုပ်ငန်းရှင် Mohit Budhiraja သည် lockdown ချထားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေလီ အရှေ့ပိုင်းရှိ ဒေသန္တရဘုရားကျောင်းသို့ သွားရောက်ခဲ့သည်။

“ဘုရားကျောင်းကို မသွားနိုင်တဲ့ ဒီသီတင်းပတ်တွေမှာ တစ်ခုခု လွဲချော်သလိုမျိုး ခံစားရတယ်။ အခြေအနေတွေ တိုးတက် ကောင်းမွန်လာမယ်လို့ မျှော်လင့်ရတယ်။ ခုကျွန်တော် နေ့တိုင်း ဘုရားကျောင်း သွားနိုင်တော့မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဘုရားကျောင်းများ၏ အဝင်ဝများတွင် ပိုးသတ်သည့်အခန်းများ ထားရှိထားပြီး ဝတ်ပြုဆုတောင်းသူများကို လှူဖွယ်ပစ္စည်းများ သယ်ဆောင်လာခြင်း မပြုရန် တားမြစ်ထားသည်။

“ ဘုရားကျောင်းထဲ မဝင်မီ လူတွေကို ကိုယ်ပူချိန် နှစ်ကြိမ် စစ်ဆေးတယ်”ဟု ဒေလီရှိ သက်တမ်းအရှည်ဆုံး ဘုရားကျောင်းတစ်ခု ဖြစ်သည့် Jhandewalan ဘုရားကျောင်း၏ ဂေါပကတစ်ဦးက ပြောကြားခဲ့သည်။

နှစ် ၄၀၀ သက်တမ်းရှိပြီး အိန္ဒိယ၏ အကြီးဆုံး ဗလီတစ်ခုဖြစ်သည့် Jama Masjid ဗလီတွင် ယုံကြည်သက်ဝင်သူများကို တစ်နေ့လျှင် ပုံမှန်ပြုလုပ်သည့် ဆုတောင်းမှု ငါးကြိမ်အစား သုံးကြိမ် ပြုလုပ်ခွင့်ပေးရန် စီစဉ်ထားသည်။

ဒေလီသည် အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး မြို့တစ်မြို့ဖြစ်ပြီး  စုစုပေါင်း ကူးစက်ခံရသူ ၂၇,၆၀၀ နှင့် သေဆုံးသူ ၇၆၁ ဦးကျော် ရှိခဲ့သည်။ အိန္ဒိယတစ်နိုင်ငံလုံးတွင် ဖြစ်ပွားသည့် ဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း၏ ငါးပုံတစ်ပုံရှိပြီး ဆေးရုံများ ဖိစီးမှုဖြစ်ခဲ့ရသည့် မွမ်ဘိုင်းတွင် ပိုမိုသတိထား နေရသည်။ မွမ်ဘိုင်းတွင် လမ်းဘေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သော်လည်း စျေးဝယ်စင်တာများ၊ စားသောက်ဆိုင်များနှင့် ဆံပင်အလှပြင်ဆိုင်များကို ပိတ်ပင်ထားဆဲ ဖြစ်သည်။

မတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် တင်းကျပ်သည့် locokdown စီမံချက် အမိန့်များသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို အဟန့်အတား ဖြစ်စေခဲ့သည်ဟု အိန္ဒိယအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံသည် သန်းနှင့်ချီသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်မှုနှင့်အတူ ကြီးမားသည့် စီးပွားရေး ထိုးနှက်ချက်ကြောင့် မပြိုလဲအောင် အားပြုနေရသည်။

အိန္ဒိယ၏ စီးပွားရေးသည် ပြီးခဲ့သည့် ဆယ်စုနှစ်ကျော်အတွင်း ပျမ်းမျှ ခုနစ်ရာခိုင်နှုန်းခန့် တိုးတက်လာသော်လည်း ယခုနှစ်တွင် ငါးရာခိုင်နှုန်းကျော်အထိ ကျုံ့သွားနိုင်သည်ဟု အဆင့်သတ်မှတ်သည့် အေဂျင်စီများက ထုတ်ပြန်ခဲ့သည်။

ကန့်သတ်ချက်များကို ပြီးခဲ့သည့်လတွင် ဖြေလျှော့ခဲ့သော်လည်း အိန္ဒိယ၏ ထုတ်လုပ်မှုကဏ္ဍသည် ရွှေ့ပြောင်းလုပ်သားများ အစုအပြုံလိုက် ထွက်ခွာခဲ့သောကြောင့် ပြန်လည်စတင်ရန် ရုန်းကန်နေရသည်။ ဆင်းရဲသည့် ကျေးလက်ဒေသများမှ အလုပ်သမားများအတွက် တစ်ချိန်က ဆွဲဆောင်မှုရှိသော ရည်မှန်းချက် နေရာတစ်ခုဖြစ်ခဲ့သည့် မြို့ကြီးများသည် သန်းနှင့်ချီသော အလုပ်သမားများ နေရပ်သို့ ပြန်သွားမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသည်။

“ ကုန်ထုတ်လုပ်ငန်း အများစုဟာ ကပ်ရောဂါရဲ့ အကျိုးဆက် ကြီးကြီးမားမား ကြုံ ခဲ့ရတဲ့ ပြည်နယ်တွေမှာ ရှိကြတယ်။ အဲဒီပြည်နယ်တွေမှာ အလုပ်လုပ်တဲ့သူတွေကတွေက နေရပ်ကို ပြန်သွားကြပြီ။ သူတို့တွေ ချက်ချင်း ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး”ဟု Jawaharlal Nehru တက္ကသိုုလ်မှ ပါမောက္ခ Santosh Mehrotra က ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK