ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်သူသစ် ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်သော်လည်း အစိုးရက မြို့တော် မော်စကိုတွင် တင်းကျပ်သော Lockdown စီမံချက်များအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ဟန့်တားရေးအတွက် အမျိုးစုံသော ကန့် သတ်ချက်များကို ဖယ်ရှားပေးသွားမည်ဖြစ်ကြောင်း ဇွန် ၈ တွင် ကြေညာခဲ့သည်။
မော်စကိုတွင် အထွေထွေ Lockdown စီမံချက်နှင့် အကန့်အသတ်ဖြင့်သွားလာမှု စနစ်တို့အား ဇွန် ၉ ၌ အဆုံးသတ်မည်ဖြစ်ပြီး ဒေသခံများသည် မတ်လကုန်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လွတ်လပ်စွာ သွားလာခွင့် ရမည်ဖြစ်ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေးဆော့ယာနင်း ပြောကြားခဲ့သည်။ သက်ကြီးပိုင်းများနှင့် ပြင်းထန်သော ရောဂါရှိသူများသည်လည်း ၎င်းတို့၏နေအိမ်များမှ အပြင်ထွက်ခွင့် ရရှိမည်ဖြစ်ကြောင်း မြို့တော်ဝန်က Facebook တွင် ဗီဒီယိုမက်ဆေ့ဂျ် ထုတ်ပြန်ခဲ့သည်။
ရုရှားတွင် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူသစ် ၉၀၀၀ နီးပါးနှင့် သေဆုံးသူ ၁၀၀ ကျော် ရှိနေဆဲဖြစ်သော်လည်း အစိုးရက ကန့်သတ်ချက်များအား ဖြေလျှော့ရန် အလျင်အမြန် လုပ်ဆောင်နေသည်။ ရုရှားတွင် ဇွန် ၈ အထိ Lockdown အတည်ပြု လူနာ စုစုပေါင်း ၄၇၆၆၅၈ ဦးရှိပြီး ကမ္ဘာတွင် တတိယအများဆုံးဖြစ်ကာ ထိုသူများအနက် သေဆုံးသူ ၆၀၀၀ နီးပါးရှိခဲ့သည်။
ယင်းကဲ့သို့ အတည်ပြုလူနာအရေအတွက် အလွန်အမင်းမြင့်တက်နေခြင်းမှာ ရောဂါစစ်ဆေးမှု အများအပြား ပြုလုပ်ခြင်းကြောင့်ဖြစ်ပြီး ယခုအချိန်ထိ လူ ၁၃ သန်း ကျော်အား ရောဂါစစ်ဆေးထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရုရှားတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် အတော်အသင့်နည်းပါးနေခြင်းက Lockdown များအား ဖြေလျှော့ရန် ဘေးကင်းသည့် အထောက်အထားများဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ထောက်ပြခဲ့ကြသည်။
အစိုးရဝေဖန်သူများကမူ အာဏာပိုင်များသည် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်အား အပြည့်အစုံထုတ်ပြန်ခဲ့ခြင်းမရှိဟု စွပ်စွဲခဲ့ကြပြီး တာဝန်ရှိသူများသည် နိုင်ငံရေးဆိုင်ရာ အကြောင်းပြချက်များအတွက် ကန့်သတ်ချက်များအား ရုပ်သိမ်းရန် အလျင်စလို လုပ်ဆောင်နေကြကြောင်းလည်း ပြောကြားခဲ့ကြသည်။
သမ္မတဗလာဒီမာပူတင်က အရေးပါသော ဒုတိယကမ္ဘာစစ်အဆုံးသတ်မှုအထိမ်းအမှတ် စစ်ရေးပြပွဲအား ရင်ပြင်နီတွင် ဇွန် ၂၄ ၌ ကျင်းပရန် အချိန်ပြင်ဆင်သတ်မှတ်ခဲ့ပြီး နောက်တစ်ပတ်အကြာ ဇူလိုင် ၁ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် စီစဉ်ထားသည်။
ပူတင်အား လက်ရှိသမ္မတသက်တမ်းကို ကျော်လွန်၍ အာဏာဆက်ရှိနိုင်ရန် အလားအလာကို ခွင့်ပြုသည့် ပြင်ဆင်ပြောင်းလဲမှုများအတွက် လမ်းဖွင့်ပေးမည့် ထိုဆန္ဒခံယူပွဲသည် ကာလရှည်ကြာခေါင်းဆောင်၏ ယခုနှစ်အတွက် နိုင်ငံရေးဆိုင်ရာပြက္ခဒိန်တွင် အရေးအပါဆုံးဖြစ်သော်လည်း ဗိုင်းရပ်စ်ကူးစက်မှု အလွန်အမင်းမြင့်တက်လာခြင်းကြောင့် ထိုဆန္ဒခံယူပွဲအား ဧပြီ ၂၂ တွင် ကျင်းပမည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။
လူဦးရေ ၁၂ သန်းကျော်နေထိုင်ပြီး ရုရှား၏အကြီးဆုံးမြို့ဖြစ်သော မော်စကိုတွင် မတ် ၃၀ နောက်ပိုင်း Lockdown စီမံချက် ချမှတ်ခဲ့သည်။
စားစရာမဟုတ်သော လက်လီအရောင်းဆိုင်များအား ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုခြင်းနှင့် ဒေသခံများအား သတ်မှတ်အချိန်ဇယားအတွင်း လမ်းလျှောက်ခွင့်ပြု ခြင်းအပါအဝင် ပြီးခဲ့သော သီတင်းပတ်အနည်းငယ်အတွင်း Lockdown စီမံချက် အချို့ကို တဖြည်းဖြည်း ရုပ်သိမ်းပေးခဲ့သည်။
ဇွန် ၉ တွင် သွားလာမှုဆိုင်ရာ ကန့်သတ်ချက်များအား ရုပ်သိမ်းခြင်းအပြင် ဆံသဆိုင်များ၊ အလှပြင်ဆိုင်များနှင့် တိရစ္ဆာန်ကုဆေးခန်းများအား ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
လာမည့်သီတင်းပတ်မှစတင်၍ ဒေသခံများအား ဝန်ဆောင်မှုများပေးသော စာကြည့်တိုက်များ၊ အိမ်ခြံမြေရုံးခန်းများနှင့် ကုမ္ပဏီများသည် လုပ်ငန်းများ ပြန်လည်စတင် နိုင်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံသားများအား ပြည်ပသို့ခရီးသွားရန် ခွင့်ပြုမည့် ပထမအဆင့်များကို အစိုးရက ဇွန် ၈ တွင် ကြေညာခဲ့သည်။
အလုပ်လုပ်ရန် သို့မဟုတ် စာသင်ရန် သို့မဟုတ် နာမကျန်းဖြစ်သော ဆွေမျိုးသားချင်းများအား စောင့်ရှောက်ရန်အတွက် နိုင်ငံသားများအား ပြည်ပသွားရောက်ခွင့်ပြုသည့် အစိုးရအမိန့်တစ်ရပ်ကို ဝန်ကြီးချုပ် မီခေးမစ်ရှုစတင်က လက်မှတ်ထိုးခဲ့သည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား