Top News

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်သူသစ် အရေအတွက် နှစ်ရက်ဆက်တိုက်မြင့်တက်
24htopnews | October 16, 2024 11:12 AM CST

အင်ဒိုနီးရှားတွင် ဇွန် ၁၀ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် အရေအတွက်သည် ၁၂၄၁ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ရာ ကူးစက်သူစုစုပေါင်း ၃၄၃၁၆ ကျော်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဇွန် ၉ တွင် နေ့စဉ်ကူးစက်သူသစ် ၁၀၄၃ ဦးရှိခဲ့ပြီး နေ့စဉ်ကူးစက်သူသစ် ၁၀၀၀ ကျော်မှုသည် နှစ်ရက်ဆက်တိုက် ရှိလာခဲ့သည်။

ဇွန် ၁၀ တွင် COVID-19 နှင့်ဆက်နွယ်၍ လူ ၃၆ ဦး ထပ်မံသေဆုံးခဲ့ရာ နိုင်ငံတစ်ဝန်း သေဆုံးသူစုစုပေါင်း ၁၉၅၉ ဦးအထိ ရှိလာကြောင်း၊ ပြန်လည်နာလန်ထသူအရေအတွက်သည် ၁၂၁၂၉ ဦးရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအဖွဲ့က နိုင်ငံထဲတွင် ဗိုင်းရပ်စ်စစ်ဆေးမှု ၂၈၇၄၇၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ဇွန် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်မှစပြီး ဂျကာတာတွင် COVID-19 ထိန်းချုပ်ရေး ကန့်သတ်ချက်အဆင့်များကို ရုပ်သိမ်းခဲ့ပြီး ဇွန် ၅ ရက်တွင် ဗလီများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

စျေးဝယ်စင်တာများတွင် ဖွင့်လှစ်ထားခြင်းမဟုတ်သည့် စားသောက်ဆိုင်များနှင့် စျေးဆိုင်များ၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကို ဇွန် ၈ ရက်တွင် ပြန်လည်လည်ပတ်ခွင့်ပြုခဲ့သည်။ အလားတူပင် ရုံးများကို ဇွန် ၈ ရက်တွင် ပြန်လည်လည်ပတ်ခွင့်ပေးခဲ့သော်လည်း ဝန်ထမ်းတစ်ဝက်သည် နေအိမ်မှပင် အလုပ်ဆက်လုပ်နေရဦးမည်ဖြစ်သည်။ စျေးဝယ်စင်တာများကို ဇွန် ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုမည်ဖြစ်ပြီး  လူထုသည် ဇွန် ၂၁ ရက်နှင့် ၂၂ ရက်မှစပြီး အပန်းဖြေပန်းခြံများသို့ သွားရောက်နိုင်မည် ဖြစ်သည်။ အပြောင်းအလဲကာလအတွင်း စာသင်ကျောင်းများ၊ ပုဂ္ဂလိကသင်ကြားရေးကျောင်းများနှင့် နေ့ကလေးထိန်းစင်တာများကို ပိတ်ထားဦးမည်ဖြစ်သည်။

အင်ဒိုနီးရှားတွင် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ခရီးသည် ၇၀ ရာခိုင်နှုန်းအထိ လက်ခံနိုင်ရန် အစိုးရက ခွင့်ပြုပေးခဲ့ပြီးနောက် ပြည်တွင်းခရီးစဉ်များကို ဇွန် ၉ ရက်တွင် ပြန်လည်စတင်နေပြီဖြစ်သည်။ အင်ဒိုနီးရှား လေကြောင်းလိုင်းများက ကျန်းမာရေးလုပ်ထုံး လုပ်နည်းများနှင့် Social Distancing သတ်မှတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။

စရိတ်နည်းလေကြောင်းလိုင်းများဖြစ်သည့် Lion Air, Wings Air နှင့် ဝန်ဆောင်မှုအပြည့်ပေးသည့် လေကြောင်းလိုင်း Batik Air တို့ ပါဝင်သည့် အင်ဒိုနီးရှား၏ အကြီးဆုံးပုဂ္ဂလိကပိုင် လေကြောင်းကုမ္ပဏီဖြစ်သော Lion Air Group လုပ်ငန်းစုက ဇွန် ၁၀ ရက်တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ပြန်လည်စတင်ခဲ့သည်။

ခရီးသည်အားလုံးသည်  ခရီးသွားလာမှု လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည်ကို သေချာအောင် လုပ်ဆောင်ရာတွင် အခက်အခဲများရှိသည်ဟု ယင်းကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။        

လူတိုင်းဘေးကင်းလုံခြုံမှုရှိစေရန် ခရီးသည်များသည် COVID-19 အတွက် Swab စစ်ဆေးမှု၊ အမြန်စစ်ဆေးမှု ကိရိယာစစ်ဆေးမှုရလဒ်များ (သို့မဟုတ်) ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန် သို့မဟုတ် ဆေးခန်းက ထုတ်ပေးသည့် လက်မှတ်များ ပြသရမည်ဖြစ်ကြောင်း Lion Air Group ၏ ပြောခွင့်ရပုဂ္ဂိုလ် Danang Mandala Prihantoro က ပြောကြားခဲ့သည်။

၎င်းတို့၏ လေယာဉ်အမှုထမ်းများသည်လည်း စစ်ဆေးမှု အမြဲပြုလုပ်ရမည်ဖြစ်ပြီး လေယာဉ်မပျံသန်းမီ COVID-19 ကင်းရှင်းကြောင်း ပြသရမည်ဟု Prihantoro က ပြောကြားခဲ့သည်။

ယင်းခွင့်ပြုချက်မတိုင်မီက လိုအပ်သည့် စီးပွားရေးအတွက် ခရီးသွားလာမှုအတွက် ပြည်တွင်းလေကြောင်းလိုင်းများကို ခရီးသည် ၅၀ ရာခိုင်နှုန်းဖြင့် လည်ပတ်ခွင့်ပေးခဲ့သည်။

 

ဗိုင်းရပ်စ်ကင်းစင်သည့် နိုင်ငံအချို့နှင့် လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် ဗီယက်နမ် စီစဉ်

ဂျပန်၊ တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားတို့ပါဝင်သည့် ဦးစားပေးနေရာများအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရက် ၃၀ ကြာ မတွေ့ရှိသည့် နိုင်ငံများနှင့် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရန် ဗီယက်နမ်အစိုးရက စီစဉ်နေသည်ဟု ဝန်ကြီးချုပ်၏ ပြောစကားကို နိုင်ငံပိုင်မီဒီယာ Vietnam Television (VTV) က ဇွန် ၉ ရက်တွင် ကိုးကားဖော်ပြခဲ့သည်။

ဗီယက်နမ်သည် COVID-19 ကူးစက်သူဦးရေ ၃၃၂ ဖြင့် ထိန်းထားခဲ့ပြီး သေဆုံးသူ တစ်ဦးမှမရှိခဲ့ပေ။ နိုင်ငံသို့ လာရောက်သည့် သောင်းနှင့်ချီသောခရီးသွားများကို ရောဂါခြေချုပ်ထားရှိခဲ့သည်။

“ရက် ၃၀ ကြာအောင် COVID-19 ကူးစက်မှုသစ်မရှိဘူးလို့ စာရင်းသွင်းထားတဲ့ နိုင်ငံတွေနဲ့ အပြည်ပြည်ဆိုင်ရာလေကြောင်း ခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ဗီယက်နမ်က စီစဉ်နေပါတယ်။ ဒါပေမယ့် ပြန်လည်စတင်ရာမှာ ကပ်ရောဂါရဲ့ ရှုပ်ထွေးမှုကို အလွန်အမင်း သတိထားစဉ်းစားဖို့ လိုအပ်တယ်” ဟု ဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောကြားခဲ့သည်။

ဘေးကင်းသည့်နိုင်ငံများ၏ စာရင်းကိုစာရင်းပြုစုထားရန် COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီကို ညွှန်ကြားထားသည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆွေးနွေးတိုင်ပင်မည့် နိုင်ငံနှင့် လေကြောင်းလိုင်းများကို ၎င်းက မပြောကြားခဲ့သော်လည်း ပြန်လည်ဖွင့်လှစ်ရန် ဦးစားပေးမည့် လေကြောင်းခရီးစဉ်များတွင် ကွမ်ကျိုး၊ တိုကျို၊ ဆိုးလ်၊ ထိုင်ဝမ်၊ လာအိုနှင့် ကမ္ဘောဒီးယားအစရှိသော နေရာများပါဝင်သည်ဟု ဆိုသည်။

ဗီယက်နမ်၌ ဇွန် ၈ ရက်တွင် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှုသစ်သုံးဦး တွေ့ရှိခဲ့ပြီး ပြည်ပမှ ပြန်လာသူများဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။  ဗီယက်နမ်တွင် ပြည်တွင်းဗိုင်းရပ်စ်ကူးစက်မှု မရှိသည်မှာ ၅၄ ရက်ရှိပြီဖြစ်သည်။

 


READ NEXT
Cancel OK