Top News

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ စစ်သွေးကြွအုပ်စုကို သနားညှာတာနေမည်မဟုတ်ဟု ပြောကြား
24htopnews | October 16, 2024 12:12 AM CST

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ဟစ်ဇဘိုလာစစ်သွေးကြွအုပ်စုကို သနားညှာတာနေမည်မဟုတ်ဟု ပြောကြားခဲ့ပြီးနောက် ဟစ်ဇဘိုလာက အစ္စရေးစစ်သားများကို တိုက်ခိုက်လျက်ရှိစဉ် အစ္စရေးက အောက်တိုဘာ ၁၅ ရက်တွင် လက်ဘနွန်အရှေ့ပိုင်းကို တိုက်ခိုက်ခဲ့သည်ဟု တရားဝင် လက်ဘနွန်မီဒီယာက ဖော်ပြခဲ့သည်။

အစ္စရေးမြို့ဟိုင်ဖာအနီးရှိ အခြေစိုက်စခန်းတစ်ခုကို အောက်တိုဘာ ၁၃ ရက်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဟစ်ဇဘိုလာက အစ္စရေးကို တိုက်ခိုက်မှုများ ပိုမိုလုပ် ဆောင်မည်ဟုခြိမ်းခြောက်ထားသည်။ဟစ်ဇဘိုလာ၏ဒရုန်းတိုက်ခိုက်မှုကြောင့် အစ္စရေး စစ်သားလေးဦး သေဆုံးသွားခဲ့ပြီး၊ နောက်ထပ် လူ ၆၀ ကျော် ဒဏ်ရာရသွားခဲ့သည်ဟု ကယ်ဆယ်ရေးသမားများက ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်သားလေးဦး သေဆုံးသွားခဲ့သည်ဟုအစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အစ္စရေးက လက်ဘနွန်ရှိဟစ်ဇဘိုလာကိုတိုက်ခိုက်မှုများတိုးမြှင့်ခဲ့သည့် စက်တင်ဘာ ၂၃ ရက် နောက်ပိုင်း အစ္စ ရေးစစ်အခြေစိုက်စခန်းတစ်ခု အပြင်းထန်ဆုံးတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာ အောက်တိုဘာ ၁၄ ရက်တွင် အစ္စရေးဝန်ကြီးချုပ်က ဟစ်ဇဘိုလာအုပ်စုကို သနားနေမည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ ဟစ်ဇဘိုလာကို ဘေရွတ်အပါအဝင်လက်ဘနွန်နိုင်ငံရဲ့ အရပ်ဒေသအားလုံးမှာ အညှာအတာကင်းမဲ့စွာ ဆက်လက်တိုက်ခိုက်နေမှာဖြစ်ပါတယ်”ဟု ဟိုင်ဖာတောင်ပိုင်း ဘင်ယာမီနာအနီးက စစ်အခြေစိုက်စခန်းကိုသွားသည့်ခရီးတွင် နေတန်ယာဟုက ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမားများသည် ရက်ဘ်တလက်တင်ရွာ၏ဆင်ခြေဖုံးရပ်ကွက်များကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသော အစ္စရေးစစ်သားများနှင့် အောက်တိုဘာ ၁၅ ရက်တွင် တိုက်ခိုက်ခဲ့ သည်ဟု ဟစ်ဇဘိုလာအုပ်စုက ပြောကြားခဲ့သည်။

ရှုပ်ထွေး စစ်ဆင်ရေးဟု အမည်ပေးထားသော စစ်ဆင်ရေးတွင် ဟစ်ဇဘိုလာက အစ္စရေးဒုံးကျည် စနစ် အလုပ်များနေစေရန် ဟူသောရည်ရွယ်ချက်ဖြင့် ဟိုင်ဖာမြောက်ပိုင်းရှိ နာဟာရီယာနှင့် အာခရီတို့ကို ဒုံးကျည် ဒါဇင်ပေါင်းများစွာ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

စစ်သားများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဟစ်ဇဘိုလာက ပြောကြားခဲ့ပြီး အစ္စရေးမြောက်ပိုင်းကိုလည်း ရော့ကတ်များ အတွဲလိုက်ပစ်ကာ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ နယ်စပ်အနီး၌ အချက်ပေးဥသြသံများကို ကြားရကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေး နိုင်ငံမြောက်ပိုင်းရှိ အဓိကမြို့ဖြစ်သည့် ဟိုင်ဖာမြို့အနီးတစ်ဝိုက်ရှိ ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ဟစ်ဇဘိုလာအဖွဲ့ကမူ အစ္စရေးနိုင်ငံ မြောက်ပိုင်းကိုဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အစ္စရေးစစ်တပ်ကလည်း ထို ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးက လက်ဘနွန်ကို ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်ခဲ့ပြီးနောက် လက်ဘနွန်တွင် အနည်းဆုံး လူ ၁,၃၁၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။                                

Ref: AFP


READ NEXT
Cancel OK