Top News

ဟဇ်ဘိုလာအုပ်စုက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ကို လူသားဒိုင်းလုပ်နေသည်ဟု နေတန်ရာဟု ပြောကြား
24htopnews | October 16, 2024 12:12 AM CST

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးနှင့်ဟဇ်ဘိုလာ တိုက်ပွဲဖြစ်နေမှုအတွင်း ကုလ သမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအား အစ္စရေးတပ်က တိုက်ခိုက်လာသည်ဆိုသည့် သတင်းများလည်းထွက်ပေါ်လာကာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟုက တိုက်ပွဲဇုန်မှ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ အမြန်ဆုတ်ခွာရန်ထပ်မံသတိပေးကာ၊ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များကို ဟဇ်ဘိုလာအဖွဲ့က လူသားဒိုင်းလုပ်နေသည်ဟု ပြောဆိုလိုက်သည်။

နာခိုရာမြို့ရှိဌာနချုပ်အပါအဝင် ငြိမ်းချမ်းရေးတပ်စခန်းများအား အစ္စရေးတပ်ကပစ်ခတ်မှုကြောင့် စစ်သားအချို့ ဒဏ်ရာရခဲ့ပြီး ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍နေတန်ရာဟုက စိတ်မကောင်းဖြစ်ရကြောင်း၊ အလား တူထပ်မဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်းပြောသည်။သို့သော် ယူအန်တပ်ကိုအန္တရာယ်ဇုန်မှ ရွှေ့ခိုင်းလိုက်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်မည်ဟု ထပ်သတိပေးနေသည်။

ဟဇ်ဘိုလာခြေကုပ်ယူထားသည့်နေရာများနှင့် တိုက်ပွဲဖြစ်သည့်နေရာများမှ  ယူ အန်ငြိမ်းချမ်းရေးတပ်ကိုဆုတ်ခွာခိုင်းရန် ယူအန်အတွင်းရေးမှူးးချုပ်အန်တိုနီယိုဂူတားရတ်စ်ကို အစ္စရေးဝန်ကြီးချုပ်က ထပ်သတိပေးနေခြင်းဖြစ်သည်။

“အစ္စရေးတပ်က အကြိမ်ကြိမ် ပြောပြီးပါပြီ။အဲဒါကိုအခုထိငြင်းနေတုန်း။ဒါဟာဟဇ်ဘိုလာအုပ်စုအတွက် လူသားဒိုင်းဖြစ်အောင် ဖန်တီးပေးနေတာ။ အတွင်းရေးမှူးချုပ်က ယူအန်တပ်ကို အန္တရာယ်ဇုန်ထဲကနေ အမြန်ဆုံးကို ရွှေ့ခိုင်းသင့်နေပြီ”ဟု နေတန်ရာဟုကပြောသည်။                

ဥရောပခေါင်းဆောင်များ အမှန်တကယ်အပြစ်တင်ရမည်မှာ အစ္စရေးကို မဟုတ်၊ ဟဇ်ဘိုလာကိုတင်ရမည်ဟုလည်းနေတန်ရာဟုကဆိုပြီး ယူအန်ငြိမ်းချမ်းရေးတပ်ကို မဆုတ်ခွာခိုင်းပါက ဟဇ်ဘိုလာအတွက် ဓားစာခံဖြစ်နေပြီး ၎င်းတို့အတွက်ရော၊ အစ္စရေးစစ်သားများအတွက်ပါ အန္တရာယ်ရှိ သည်ဟု ပြောနေသည်။

၁၉၇၈ ခုနှစ်နောက်ပိုင်း ယူအန်ငြိမ်းချမ်းရေးတပ်ဖွဲ့သည်လက်ဘနွန်-အစ္စရေးနှစ်နိုင်ငံကြားရှိ Blue Line ဧရိယာအတွင်းဖြန့် ကြက်စောင့်ကြပ်လျက်ရှိသည်။လက်ဘနွန်တွင် နိုင်ငံပေါင်း ၅၀ မှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်  ၁၀,၀၀၀ ခန့်ရှိနေသည်။

အောက်တိုဘာ ၁၀ ရက်က အစ္စရေးတင့်ကား၏ ပစ်ခတ်မှုကြောင့် ကင်းစင်ပေါ်မှအင်  ဒိုနီးရှားငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်နှစ်ဦး ပြုတ်ကျကာထိခိုက်ခဲ့ ပြီး နောက်တစ်ရက် အောက်တိုဘာ ၁၁ ရက် ကလည်း သီရိလင်္ကာငြိမ်းချမ်း ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့သည်။ငြိမ်းချမ်းရေးတပ်စခန်းအနီးရှိသည့် အစ္စရေးစစ်သားများက အန္တရာယ်ဖြစ်ဖွယ်ပစ်မှတ်တစ်ခုကိုတွေ့သဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု  အစ္စရေးစစ်တပ်က ရှင်းလင်းဝန်ခံခဲ့သည်။

အစ္စရေး-ဟဇ်ဘိုလာတိုက်ပွဲကြားတွင်  ယူအန်ငြိမ်းချမ်းရေးတပ်သားများရောပြီး တိုက်ခိုက်ခံလာရသည့်အတွက် ဥရောပ ခေါင်းဆောင်များကပင် အစ္စရေးကိုဝေဖန် လာကြသည်။

အစ္စရေး၏လုပ်ရပ်က လက်သင့်ခံနိုင်ဖွယ်မရှိ ၊ အမြန်ရပ်ပါဟုလည်း ပြင်သစ်၊ အီတလီနှင့်စပိန်နိုင်ငံများက တောင်းဆိုလာကြသည်။

ယူအန်ငြိမ်းချမ်းရေးတပ်၏အကြီးအကဲကမူ ၎င်းတို့စခန်းကိုပစ်ခတ်မှုအချို့က တည့်တည့်ပစ်သည်ဟု ယူဆရသည့်အကြောင်း အရင်းများရှိသည်ဟု ပြောနေပြီး မည်သို့ပင်တိုက်ပွဲဖြစ်စေကာမူ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် များ၏အသက်လုံခြုံရေးကိုထည့်တွက်ရန်  အားလုံးကတာဝန်ရှိသည်ဟု ပြောသည်။

အစ္စရေးဘက်ကမူ ယူအန်ငြိမ်းချမ်းရေးတပ်သည် ဒေသတွင်းတည်ငြိမ်ရေးကို တာဝန် ယူပေးနိုင်ခြင်းမရှိဟုဆိုကာ လက်ဘနွန်တောင်ပိုင်းမှ ယူအန်တပ်စခန်းကို အလျှင်အမြန်ဆုတ်ခွာခိုင်းနေသည်။

Ref: Times of Israel


READ NEXT
Cancel OK