အရှေ့တောင်အာရှနိုင်ငံများနှင့် ပစိဖိတ်မှ မဟာမိတ်များအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ အကူအညီပေးရန် ဒေါ်လာ ၃၅၁ သန်း( သြစတြေးလျဒေါ်လာသန်း ၅၀၀) သုံးစွဲမည်ဟု သြစတြေးလျအစိုးရက အောက်တိုဘာ ၃၁ တွင် ကြေညာခဲ့သည်။
ဗိုင်းရပ်စ်ကပ်ဘေးမှ ပြန်လည်ရုန်းထွက်ရေးအတွက် ဒေသတွင်း အိမ်နီးချင်းများကို ကူညီရန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ကြိုတင်ဝယ်ယူရေးအတွက် သြစတြေးလျက ဒေါ်လာသန်းရာချီ သုံးစွဲခြင်းဖြစ်သည်။
ပစိဖိတ်နှင့် အရှေ့တောင်အာရှနိုင်ငံများကို ကူညီခြင်းက သြစတြေးလျစီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍ ပြန်လည်ထူထောင်ရေးကို အထောက်အကူဖြစ်မည်ဖြစ်ကြောင်း မော်ရစ်ဆင်အစိုးရက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို နိုင်ငံအားလုံးအညီအမျှ ရရှိရေး ရည်ရွယ်သည့် COVAX အစီအစဉ်မှတစ်ဆင့် ကာကွယ်ဆေးများ ကြိုတင်ဝယ်ယူရေးကို ဆေးထုတ်လုပ်သူများနှင့် သဘောတူညီချက်များ ရယူသွားမည်ဖြစ်ကြောင်း သြစတြေးလျအစိုးရက ပြောကြားခဲ့သည်။
အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာ့စီးပွားရေးသစ်၏ အင်ဂျင်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းက အောက်တိုဘာ ၃၁ တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
သုံးနှစ်အထောက်အပံ့ပေးမည့် ယင်းအစီအစဉ်ကြောင့် ပစိဖိတ်နှင့် အရှေ့တီမောသည် ကာကွယ်ဆေးထိုးနှံရေးကို အပြည့်အဝဆောင်ရွက်နိုင်မည်ဖြစ်ပြီး အရှေ့တောင်အာရှ၏လိုအပ်ချက်များကို သိသိသာသာ အထောက်အကူ ရရှိစေမည်ဖြစ်ကြောင်း ယင်းကြေညာချက်က ဆိုသည်။
ဘေးကင်းစိတ်ချရသော ကာကွယ်ဆေးကို အလျင်အမြန်ထိုးနှံနိုင်ပါက ဒေသတွင်းရှိ အဓိက မိတ်ဖက်များနှင့် ကုန်သွယ်ရေး၊ ခရီးသွားလာရေးတို့ကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည်ဖြစ်ကြောင်း သြစတြေးလျအစိုးရက ပြောကြားခဲ့သည်။
သြစတြေးလျတွင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ကျဆင်းသွားခဲ့ပြီး တောင်ပိုင်းပြည်နယ် ၀ိတိုရိယတွင် အောက်တိုဘာ ၃၁ က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်သည် တစ်ခုသာရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ပြည်နယ်မြို့တော်မဲလ်ဘုန်းတွင် ဒေသခံများသည် လူမှုလွတ်လပ်မှုကို ပို၍ ရရှိလာကြပြီ ဖြစ်သည်။
ပြီးခဲ့သည့် ၁၄ ရက်အတွင်း ၀ိတိုရိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ပျမ်းမျှ တစ်ရက်လျှင် ၂.၄ ဦးနှုန်းသာ ရှိခဲ့ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။
စည်းကမ်းတင်းကျပ်ထားမှုများကို လျှော့ချပေးခဲ့မှုကြောင့် မိသားစုများသည် အိမ်များသို့ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး ၁၅ မိုင်ပတ်လည်အတွင်း ခရီးသွားလာနိုင်သည့် စည်းကမ်းသတ်မှတ်ချက်ကိုမူ ဆက်လက်ထားရှိဆဲဖြစ်သည်။ လဟာပြင် စုဝေးမှုကိုလည်း ၁၀ ဦးထက်မပိုရဟု ဆက်လက်ကန့်သတ်ထားသည်။
သြစတြေးလျ တစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၇ ဦး ရှိသည့်အနက် ၈၁၉ ဦးသည် ၀ိတိုရိယပြည်နယ်မှ ဖြစ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဒင်နီယယ်အင်ဒရူးသည် အောက်တိုဘာ ၃၁ မှစ၍ မီဒီယာများနှင့် မတွေ့ဆုံတော့ဘဲ သူ၏နေ့စဉ် သတင်းစာရှင်းလင်းပွဲ မာရသွန်ခရီးစဉ်ကို နိဂုံးချုပ်ခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၃ မှစပြီး ရက် ၁၂၀ ဆက်တိုက် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ