ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ ကျွမ်းကျင်သူများက တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။
WHO သည် ဗိုင်းရပ်စ်၏ တိရစ္ဆာန်ဇာစ်မြစ်ကို စုံစမ်းရန်နှင့် ယင်းဗိုင်းရပ်စ်သည် လူသားများထံ မည်သို့မည်ပုံ ကူးစက်ခဲ့သည် ဆိုသည့်အချက်ကို လေ့လာရန် ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရှင်များ၊ တိရစ္ဆာန် ကျန်းမာရေး ပါရဂူများ အပါအဝင် နိုင်ငံတကာပညာရှင်များ ပါဝင်သည့်အဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်ရန် လပေါင်းများစွာကြာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
WHO အကြီးအကဲ တေဒဂိုအတ်ဒါနွမ် ဂေဘရီယေဆုက ၎င်းတို့၏ ကုလအေဂျင်စီသည် အနာဂတ်တွင် ကပ်ရောဂါဖြစ်ပွားမှုများကို တားဆီးနိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို အခိုင်အမာသိရှိစေရန် ဆက်လက်လုပ်ဆောင်နေကြောင်း အောက်တိုဘာ ၃၀ ရက်က ဗီဒီယိုဆက်သွယ်မှုမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ ဒီနေ့မှာတော့ နိုင်ငံတကာ ပညာရှင်တွေဟာ တရုတ်နိုင်ငံက ပညာရှင်တွေနဲ့ ဗီဒီယိုဆက်သွယ်မှုကတစ်ဆင့် ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကုလ ကျန်းမာရေး အေဂျင်စီသည် ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရာတွင် အခြေခံကျသည့် လုပ်ဆောင်မှုတစ်ရပ်အဖြစ် ဇူလိုင်လက ရှေ့ပြေးလေ့လာရေးအဖွဲ့တစ်ဖွဲ့ကို ပေကျင်းသို့ စေလွှတ်ခဲ့သော်လည်း သိပ္ပံပညာရှင်များပါဝင်သည့် ကြီးမားသည့် အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံသို့ မည်သည့်အချိန်တွင် စေလွှတ်ခွင့်ရမည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။
သိပ္ပံပညာရှင်များကမူ ယင်းဗိုင်းရပ်စ်သည် တိရစ္ဆာန်များထံမှ လူသားများဆီသို့ ရောက်ရှိခဲ့ခြင်းဖြစ်နိုင်ပြီး ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန်အသားများရောင်းချသည့် စျေးတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆခဲ့သည်။
ယင်းဗိုင်းရပ်စ်သည် လင်းနို့များထံမှ စတင်ကူးစက်ခဲ့ကြောင်း ကျယ်ပြန့်စွာ ယူဆခဲ့သော်လည်း လင်းနို့များနှင့် လူများကြားတစ်ဆင့် ခံကူးစက်စေခဲ့သည့် တိရစ္ဆာန်ကိုမူ တိကျစွာ မသိရသေးပေ။
ယခုပြုလုပ်သည့် အစည်းအဝေးသည် အဘယ်ကြောင့် လူချင်းတွေ့ဆုံပြီး မျက်နှာချင်းဆိုင်မလုပ်ခဲ့သနည်းဟု သတင်းထောက်များက မေးမြန်းခဲ့ချိန်တွင် WHO ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ အကြီးအကဲ မိုက်ကယ် ရိုင်ယန်က ယခုကဲ့သို့ ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ပထမဆုံးအကြိမ် အစည်းအဝေး ပြုလုပ်မှုသည် နှစ်ဖက်အဖွဲ့ကြား တွေ့ဆုံရန် စီစဉ်ခဲ့သည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ယင်းအဖွဲ့များသည် ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် လေ့လာချက်များအားလုံးကို အရင်ဆုံး ပြန်လည်စိစစ်ရန် လိုအပ်ပြီး ယင်းမှသာ တရုတ်နိုင်ငံသို့ သွားရောက်သည့် ဗိုင်းရပ်စ် လေ့လာရေးခရီးစဉ်သည် အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
WHO သည် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ စောစီးစွာ မပြုလုပ်ခဲ့သဖြင့် ဝေဖန်မှုများခံခဲ့ရပြီး တရုတ်နိုင်ငံ၏ အကြိုက်ကို လိုက်နေသည့်အဖွဲ့ဟူ၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဝေဖန်မှုကိုလည်း ခံခဲ့ရသည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ