အမေရိကန်တွင် နှစ်ရက်ဆက်တိုက် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် စံချိန်တင် များပြားခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၉ သန်းကျော်ရှိခဲ့သည်ဟု ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ ဗိုင်းရပ်စ်ကူးစက်ခံရသူစာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အောက်တိုဘာလလယ်ပိုင်းမှစတင်၍ ဗိုင်းရပ်စ်ကူးစက်မှု အဆမတန်မြင့်တက်ခဲ့သော အမေရိကန်တွင် လက်ရှိအချိန်၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၉,၀၃၄,၂၉၅ ဦးရှိခဲ့သည်။
အောက်တိုဘာ ၂၉ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၉၁,၀၀၀ စံချိန်တင်မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၉၄,၀၀၀ ကျော် ထပ်မံစံချိန်တင်ခဲ့သည်။
နိုင်ငံအနောက်အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်မှုအများဆုံးဖြစ်ပြီး ဆေးရုံများတွင် လူနာများပြည့်လျှံနေ၍ တုပ်ကွေးရာသီ ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်နေသည်။
“ ကျွန်တော်တို့ ဒီကူးစက်မှုလှိုင်းအတွက် အဆင်သင့်မဖြစ်သေးပါဘူး” ဟု ဘရောင်းတက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေးကျောင်းမှ ဌာနမှူး Ashish Jha က အောက်တိုဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။
တက္ကဆက်ပြည်နယ် အယ်ပါဆိုမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ ဖိအားလျော့နည်းစေရန်အတွက် ယခုသီတင်းပတ်အတွင်း ကာဖျူးမိန့်ထုတ်ပြန်ခဲ့ပြီး ယာယီဆေးရုံများကို စတင်တည်ဆောက်နေသည်။
အနောက်အလယ်ပိုင်း ဝစ်ကွန်ဆင်ပြည်နယ်တွင် မကြာသေးမီသီတင်းပတ်များအတွင်း ယာယီဆေးရုံတစ်ရုံ တည်ဆောက်ခဲ့ပြီး မစ်ဆိုရီပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသောကြောင့် ကျန်းမာရေးဝန်ထမ်းများကို သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန်တွင် ဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်မှစ၍ သေဆုံးသူ ၂၂၉,၀၀၀ ကျော် ရှိသည်ဟု ဟော့ပ်ကင်းတက္ကသိုလ်က အောက်တိုဘာ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည်။
အမေရိကန်တွင်ဆောင်းရာသီ ရောက်ရှိလာချိန်အတွင်း ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုမြင့်တက်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် နေအိမ်အတွင်း၌သာ နေထိုင်ကြရန် ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
နွေဦးရာသီ၌ ဗိုင်းရပ်စ်ကူးစက်မှု၏ ဗဟိုချက်ဖြစ်ခဲ့သော နယူးယောက်မြို့နှင့် အရှေ့မြောက်ပိုင်း နေရာအများအပြားတွင် နွေရာသီတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့သော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာမည့်အပေါ် စိုးရိမ်နေကြသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ခြောက်သွေ့ပြီး အေးမြသည့်လေထုတွင် အလွယ်တကူ ကူးစက်နိုင်သည်ဟု ကူးစက်ရောဂါပျံ့ပွားမှုနှင့် ကာကွယ်မှု ပညာရှင်အချို့က ယုံကြည်ထားကြသည်။
မြောက်ဒါကိုတာပြည်နယ်ကဲ့သို့ ကျေးလက်ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပိုမိုမြင့်တက်နိုင်ခြေရှိသည်ဟု ခန့်မှန်းထားကြသည်။ ဒေသခံများအနေဖြင့် မိမိတို့နှင့် ထိတွေ့မှုရှိသူများကို ကိုယ်တိုင်ခြေရာခံမှုများ ပြုလုပ်ရန် အာဏာပိုင်များက ညွှန်ကြားခဲ့သည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ