Top News

ပြည်ပသို့ ပြောင်း တင်ပို့မှု သတ်မှတ်လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင်ခဲ့၊ နိုင်ငံခြားဝင်ငွေ တတိယအများဆုံးရရှိသည့် လယ်ယာထွက်သီးနှံဖြစ်
24htopnews | October 14, 2024 11:12 AM CST

ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမ (၆) လပတ်အတွင်း ပြည်ပပြောင်းတင်ပို့မှုသည် သတ်မှတ်လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပို့ကုန်အမယ်တစ်ခုချင်းအလိုက် တင်ပို့ရန် သတ်မှတ်လျာထားချက်များရှိပြီး ပြောင်းတင်ပို့မှုတွင် ပထမ (၆)လပတ်အတွင်း တင်ပို့မှုသည် သတ်မှတ်လျာထားချက်ထက် ကျော်လွန်အောင် တင်ပို့နိုင်သည်ကို တွေ့ရှိရကာ အခြားပို့ကုန်အမယ်တစ်ခုချင်းအလိုက် သတ်မှတ်လျာထားချက်များကို ပြည့်မီအောင်တင်ပို့နိုင်ရန်လိုအပ်နေသေးကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

လက်ရှိ ပြည်ပသို့ တင်ပို့နေသော မြန်မာ့လယ်ယာထွက်ကုန် သီးနှံများအနက် ပဲမျိုးစုံတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေအများဆုံးရရှိနေပြီး ဆန်တင်ပို့မှုမှ ဒုတိယအများဆုံးရရှိကာ ပြောင်းတင်ပို့မှုမှ တတိယအများဆုံး ရရှိနေခြင်းဖြစ်ကြောင်း တစ်နှစ်လျှင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပြောင်းသီးနှံ၏ သုံးပုံနှစ်ပုံခန့်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်ပြီး ကျန်သုံးပုံတစ်ပုံခန့်ကို ပြည်တွင်း၌ သုံးစွဲလျက်ရှိကြောင်းသိရသည်။

လက်ရှိပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းထုတ်လုပ်မှု ပမာဏ မက်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းခန့်ရှိသည့်အနက် တန်ချိန် ၂ ဒသမ ၂ သန်းခန့်ကို ပြည်ပသို့တင်ပို့ပြီး ကျန်တန်ချိန် တစ်သန်းခန့်ကို ပြည်တွင်း၌ သုံးစွဲကြောင်း သိရသည်။


READ NEXT
Cancel OK