ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အမည်ဖော်ပြထားခြင်းမရှိသည့် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦးသည် တရားမဝင် မူးယစ်ဆေးဝါးအသုံးပြုနေသည်ဟု စွပ်စွဲခဲ့ပြီးနောက် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများသည် မူးယစ်ဆေးဝါးစစ်ဆေးမှု ခံယူခဲ့ကြသည်။
ဖိလစ်ပိုင်အာဏာရှင်ဟောင်း ဖာဒီမန်မားကို့စ်၏သားဖြစ်သူ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း မားကို့စ် ဂျူနီယာက ၎င်းသည် ဆေးစစ်မှုခံယူခဲ့ရာတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိသည့် ဆေးစစ်ချက် အဖြေထွက်ပေါ်ခဲ့သည်ဟု နိုဝင်ဘာ ၂၃ ရက်က ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်ရွေးကောက်ပွဲတွင် သမ္မတဒူတာတေးနေရာကို ဆက်ခံရန် ရေပန်းစားနေသည့် ကိုယ်စားလှယ်လောင်းများအနက် တစ်ဦးအပါအဝင်ဖြစ်သည့် မားကို့စ်ဂျူနီယာသည် နိုဝင်ဘာ ၂၂ ရက်တွင် ဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်ပြီး ဆေးစစ်ချက်ရလဒ်များကို ရဲတပ်ဖွဲ့ သုံးဖွဲ့ထံ တင်ပြခဲ့သည်ဟု အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
“မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ကျွန်တော့်ကို ရည်ညွှန်းပြောဆိုတယ်လို့ ကျွန်တော်မခံစားရပါဘူး” ဟု ပေါင်ပေါင်ဟု လူသိများသည့် မားကို့စ်ဂျူနီယာက ပြောကြားခဲ့သည်။
သို့သော်လည်း မိမိအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို ဆန့်ကျင်ကြောင်း ဖိလစ်ပိုင်ပြည်သူများကို ပြသလိုသည့်အနေဖြင့် မူးယစ်ဆေးဝါး စစ်ဆေးမှုကို ခံယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
လူပေါင်းထောင်ချီသေဆုံးခဲ့သည့် မူးယစ်ဆေးဝါးစစ်ပွဲကို လုပ်ဆောင်ခဲ့သည့် သမ္မတဒူတာတေးကမူ မူးယစ်ဆေးသုံးစွဲနေသည်ဟု ၎င်းစွပ်စွဲခဲ့သည့် ကိုယ်စားလှယ်လောင်း၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ သို့သော်လည်း မူးယစ်ဆေးသုံးစွဲသည့် ကိုယ်စားလှယ်လောင်းမှာ အမျိုးသားတစ်ဦးဖြစ်သည်ဟု ၎င်းကဆိုသည်။
ထို့ပြင် အခြားကိုယ်စားလှယ်လောင်းများဖြစ်သည့် လက်ဆန်နှင့် ၎င်း၏တွဲဖက် ကိုယ်စားလှယ်လောင်း ဗိုက်ဆန်တီဆော့တိုတို့သည်လည်း ဆေးစစ်မှုခံယူခဲ့ရာတွင် အောင်မြင်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာကျော်လက်ဝှေ့သမားဟောင်းဖြစ်သည့် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် မန်နီ ပက်ကွီယောင်းကလည်း ၎င်းသည် ငယ်ရွယ်ချိန်က တရားဥပဒေကို မသိခဲ့ဘဲမူးယစ်ဆေးသုံးခဲ့ဖူးကြောင်း ဝန်ခံခဲ့ပြီး ယခုတွင်မူ မူးယစ်ဆေးသုံးစွဲမှုကို ဆန့်ကျင်ကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြစ်ပေးသင့် ကြောင်း၊ သူ့အနေဖြင့်လည်း မည်သည့် အချိန်တွင်မဆို ဆေးစစ်မှုခံယူရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
အောက်တိုဘာလအတွင်းက Social Weather Stations အဖွဲ့က ပြုလုပ်ခဲ့သည့် လူထုသဘောဆန္ဒကောက်ယူမှုတွင် မားကို့စ်ဂျူနီယာသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ဆန္ဒမဲ ၄၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာမှ ဦးဆောင်နေသည့် စစ်တမ်းတစ်ရပ် ပေါက်ကြားခဲ့သည်။
၎င်းနောက်တွင် ဒုသမ္မတ လီနီရိုဘရီဒိုက ၁၈ ရာခိုင်နှုန်း၊ လူသိများသည့် မနီလာမြို့တော်ဝန် ဖရန်စစ္စကို ဒိုမာဂိုဆိုက ၁၃ ရာခိုင်နှုန်းနှင့် ပက်ကွီယောင်းက ကိုးရာခိုင်နှုန်းဖြင့် စတုတ္ထနေရာတွင်ရှိနေကာ အထက် လွှတ်တော်အမတ်လက်ဆင်က ငါးရာခိုင်နှုန်းဖြင့် ပဥ္စမနေရာတွင်ရှိနေသည်ဟု ယင်းစစ်တမ်းတွင် ဖော်ပြခဲ့သည်။ Ref: AFP
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား