ဥရောပတစ်ဝန်းရှိ မြို့အများအပြားနှင့် ပြင်သစ်ပိုင် နိုင်ငံရပ်ခြားနယ်မြေအချို့တို့တွင် နိုဝင်ဘာ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်စည်းမျဉ်းများကို ပြန်လည်ပြဋ္ဌာန်းမှုအား ဆန့်ကျင်သည့် ဆန္ဒပြမှုများအသစ်များ ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြမှုများသည် တစ်ခါတစ်ရံအကြမ်းဖက်မှု အသွင်အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။
ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်၊ နယ်သာလန်နိုင်ငံ၏ မြို့အများအပြားနှင့် ပြင်သစ်ကာရေဘီယံနယ်မြေ ဖြစ်သည့် Guadaloupe တို့တွင် နိုဝင်ဘာ ၂၁ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။
ထို့ပြင်အစိုးရက lockdown စည်းမျဉ်းအသစ်တစ်ရပ်နှင့် COVID-19 ကာကွယ်ဆေး မဖြစ်မနေထိုးနှံရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည့် သြစတြီးယားနိုင်ငံတွင် ဆန္ဒပြမှုအသစ်များ ဖြစ်ပွားခဲ့သည်။
ဘရပ်ဆဲလ်မြို့တော်တွင် လူ ၃၅,၀၀၀ ပါဝင်သည့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက် စည်းမျဉ်းများကို ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုတွင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စားသောက်ဆိုင်များနှင့် ဘားများကဲ့သို့ နေရာများတွင် ကာကွယ်ဆေး မထိုးနှံရသေးသူများ ဝင်ရောက်ခွင့်တားမြစ် ပိတ်ထားသည့် စည်းမျဉ်းကို အဓိကထား၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အစောပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း နောက်ပိုင်းတွင် အကြမ်းဖက် အသွင်ဆောင်လာသော ဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် ရဲတပ်ဖွဲ့က မီးသတ်ပိုက်နှင့် မျက်ရည်ယိုဂတ်စ်များကို အသုံးပြု၍ လူစုခွဲခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အေအက်ဖ်ပီသတင်းဌာနမှ ဓာတ်ပုံဆရာတစ်ဦးက ပြောကြားခဲ့သည်။
နယ်သာလန်နိုင်ငံရှိ မြို့အများအပြားတွင်လည်း နိုဝင်ဘာ ၂၁ ရက်ညအချိန်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယင်းသည် အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များအပေါ် ဆန့်ကျင်ဆန္ဒပြသည့် တတိယမြောက်ည ဖြစ်လာခဲ့သည်။
ဂရိုနင်ဂန်မြို့၊လီအူဝါဒန်မြို့တို့အပြင် အန်ရှက်ဟီဒီမြို့မှ အရှေ့ဘက်မြို့များအထိနှင့် တေးလ်ဘက်ဂျ်မြို့မှ တောင်ဘက်မြို့များအထိ ဖြစ်ပွားသော ဆန္ဒပြမှုများတွင် ဆန္ဒပြသူများက မီးရှုးမီးပန်းများ ပစ်ဖောက်ကာ ပစ္စည်းများကို ဖျက်စီးခဲ့ကြသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဖြန့်ကျက်ခြထားခဲ့ရသည်။ နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြသူအယောက် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ဆန္ဒပြမှုများအတွင်း လူ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
သြစတြီးယားနိုင်ငံ၌မူ တစ်စိတ်တစ်ပိုင်း Lockdown ချမှတ်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဗီယင်နာမြို့တော်တွင်လူ ၄၀,၀၀၀ ကျော် စုဝေးဆန္ဒပြခဲ့ကြပြီးနောက် တစ်ရက်အကြာ၌ လင့်ဇ်မြို့တွင်လူ ၆,၀၀၀ ဝန်းကျင်စုဝေးခဲ့ကြသည်။
ပြင်သစ်ဝန်ကြီးချုပ် ယန်းကက်စတက်စ်သည် ပြင်သစ်ကာရေဘီယံကျွန်းမှ တာဝန်ရှိသူများနှင့် ပါရီမြို့တော်တွင် အစည်းအဝေး ကျင်းပရန်စီစဉ်ထားစဉ် Guadeloupe နယ်မြေတွင် ကပ်ရောဂါ ကန့်သတ်ချက် စည်းမျဉ်းများဆန့်ကျင်သည့် ဆန္ဒပြမှုများ သီတင်းတစ်ပတ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် တပ်ဖွဲ့များကို ဖြန့်ကျက်ခြထားခဲ့သည်။
လူ ၃၈ ဦးကိုဖမ်းဆီးရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး