Top News

USAID မှ မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများအတွက် စိတ်ကျန်းမာရေး ပံ့ပိုးမှုများ ပေးမည်
24htopnews | October 12, 2024 7:12 PM CST

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့တွင် United States Agency International Development (USAID) က မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံး လူမှုအသိုင်းအဝိုင်းများအတွက် စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုများ ပေးသွားမည်ဟု အတည်ပြုကြေညာခဲ့သည်။

“အထူးသဖြင့် ဆက်တိုက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ဒဏ်ကို ခံစားနေကြရတဲ့ နိုင်ငံလိုမျိုးပေါ့။ ဒါ့ကြောင့် USAID အနေနဲ့ စီမံကိန်းအများအပြားမှာ စိတ်ကျန်းမာရေးကိစ္စကို ထည့်သွင်းထားပါတယ်။ ဒီလိုထည့်သွင်းထားတာဟာ လူမှုအသိုင်းအဝိုင်းတွေ အသက်ရှင်ကျန်ရစ်တာအပြင် ကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးစည်ပင်လာစေဖို့ကို သေချာစေမှာ ဖြစ်ပါတယ်”ဟု အသိပေးချက်တွင် ဖော်ပြထားသည်။

USAID အနေဖြင့် မြန်မာနိုင်ငံအတွင်း စိတ်ကျန်းမာရေးအထောက်အပံ့အတွက် လုံခြုံစိတ်ချရသည့် နေရာများကို ဖန်တီးပေးခြင်း၊ ပဋိပက္ခဒဏ်ခံစားနေကြရသည့် မိသားစုများကို ထောက်ပံ့ပေးခြင်းနှင့် ဒေသခေါင်းဆောင်များ၏ စွမ်းရည်မြှင့်တင်ပေးခြင်း စသည်များလုပ်ဆောင်ပေးသွားမည်‌ဟု ဆိုသည်။

ထို့အပြင် စိတ်ကျန်းမာရေးကောင်းမွန်ရေးသည် တစ်ဦးတစ်ယောက်တည်း၏ ကိစ္စမဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး အလေးထားလုပ်ဆောင်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း နှင့် စိတ်ကျန်းမာရေးနှင့် ကြံ့ခိုင်မှုကို မြှင့်တင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံကို ကူညီပေးနေခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK