Top News

ရီးယဲလ်ပစ်မှတ် အာနိုးလ်အား ယခုအချိန်အထိ စာချုပ်သစ်မချုပ်ဆိုနိုင်သေးသည့် လီဗာပူးလ်အသင်းကို အီယန်ရိုက်နှင့် ရွိုင်ကင်း ဝေဖန်
24htopnews | October 12, 2024 1:12 PM CST

 

ဘောလုံးဝေဖန်သူများအဖြစ် ဆောင်ရွက်နေကြသည့် အာဆင်နယ်ဂန္ထဝင် အီယန်ရိုက်နှင့် မန်ယူဂန္ထဝင် ရွိုင်ကင်းတို့က ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အင်္ဂလန်နောက်ခံကစားသမား အာနိုးလ်အား ယခုအချိန်ထိ စာချုပ်သစ် မချုပ်ဆိုနိုင်သေးသည့် လီဗာပူးလ်အသင်းကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ အာနိုးလ်သည် လီဗာပူးလ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပရိုကစားသမားဘဝတစ်လျှောက် လီဗာပူးလ်တစ်သင်းတည်းတွင်သာ ကစားနေသူဖြစ်သည်။ သို့သော် လီဗာပူးလ် အသင်းနှင့် ချုပ်ဆိုထားသည့် အာနိုးလ်၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအနေဖြင့် လာမည့်ဇန်နဝါရီမှစကာ ပြည်ပကလပ်အသင်းများနှင့် အပြောင်းအရွှေ့ကိစ္စရပ်များအတွက် တရားဝင်ဆွေးနွေးနိုင်မည်ဖြစ်သည်။ ယင်းအခြေအနေတွင် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက အာနိုးလ်ကို ခေါ်ယူရန်ဆန္ဒပြင်းပြနေပြီး လာမည့်ဇန်နဝါရီတွင် ကြိုတင်သဘောတူညီမှု ရယူထားရန် ပြင်ဆင်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

အာနိုးလ်သည် လီဗာပူးလ်အသင်းနှင့် အတူ ၂၀၁၆ ခုနှစ်တွင် ပရိုကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၃၁၉ ပွဲကစားထားသလို အသင်းနှင့်အတူ ဆုဖလားအားလုံးနီးပါးကို ရယူထားသူလည်း ဖြစ်သည်။ အာနိုးလ်သည် ယာဂန်ကလော့ပ်လက်ထက် ကတည်းက လီဗာပူးလ်အသင်း၏အဓိက ကစားသမားဖြစ်လာခဲ့ပြီး လက်ရှိနည်းပြ အာနယ်ဆလော့လက်ထက်တွင်လည်း အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူ ဖြစ်သည်။ ထို့ကြောင့် အီယန်ရိုက်နှင့် ရွိုင်ကင်းတို့က အာနိုးလ်အား ယခုလိုအခြေအနေမျိုး ရောက်အောင်ထားခဲ့သည့် လီဗာပူးလ်အသင်းကို ပြစ်တင်ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

အီယန်ရိုက်က "ဇန်နဝါရီမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒီရာသီမှာ အာနိုးလ် လုပ်ပြနေတာတွေက အရမ်းကောင်းပါတယ်။ အာနိုးလ်ဟာ လီဗာပူးလ်နဲ့အတူ ဆုဖလားအားလုံး ရထားတာပါ။ အဲဒီလိုကစားသမားမျိုးကို စာချုပ်နောက်ဆုံးနှစ်ရောက်အောင် ထား ထားတဲ့ လီဗာပူးလ်နဲ့ FSG ရဲ့ လုပ်ရပ်က ရူးသွပ်ရာကျပါတယ်" ဟု ပြောကြားခဲ့သည်။ 

မန်ယူဂန္ထဝင် ရွိုင်ကင်းကလည်း "အခု အာနိုးလ်က အရာအားလုံးကို ဆုံးဖြတ်ခွင့် ရှိနေပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ သူ့ကိုစာချုပ်သစ်ချုပ်ဆိုဖို့အတွက် အစွမ်းကုန် ကြိုးစားရတော့မှာပါ။ ဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ လီဗာပူးလ်အသင်းကနေ သူ ထွက်သွားပါလိမ့်မယ်။ ရီးယဲလ်မက်ဒရစ်က သူ့အတွက် ရွေးချယ်ဖို့ကောင်းတဲ့ အခွင့်အရေးပါပဲ"ဟု ပြောကြားခဲ့သည်။ 

အာနိုးလ်အနေဖြင့် အောင်မြင်မှုများရယူလိုပါက ရီးယဲလ်အသင်းမှာ ရွေးချယ်စရာ ဖြစ်နေသည်။ ရီးယဲလ်အသင်းသည် ကာဗာဟယ်လ်နေရာအစားထိုးရန် ဇန်နဝါရီမှာပင် အာနိုးလ်အား ခေါ်ယူဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။ 


READ NEXT
Cancel OK