Top News

ဆန္ဒပြမှုကို ရပ်တန့်ပြီး စစ်တပ်နှင့် ဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်ရန် ဆူဒန်ဆန္ဒပြသူများ သဘောတူခဲ့
24htopnews | October 11, 2024 8:12 PM CST

ဆူဒန်ဆန္ဒပြခေါင်းဆောင်များသည် အာဏာသိမ်း ဆူဒန်အကြီးအကဲများနှင့် ဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်ရန် သဘောတူခဲ့ပြီး ဆန္ဒပြသူများအား ဆူဒန်စစ်တပ်က အပြင်းအထန် ဖြိုခွင်းခဲ့ပြီးနောက်ပိုင်း လုပ်ဆောင်ခဲ့သည့် လူထုဆန္ဒပြမှုကြီးကို အဆုံးသတ်ရန်လည်း သဘောတူခဲ့ကြောင်း  ကြားဝင်ညှိနှိုင်းခဲ့သည့် အီသီယိုးပီးယားက ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အရပ်သားအုပ်ချုပ်ရေးကို တောင်းဆိုနေကြသော ဆန္ဒပြသူများအား ဖြိုခွင်းနေခြင်းကို ရပ်တန့်စေရေးအတွက် ဆူဒန်အရာရှိများအား ဖိအားပေးမည့် အစီအစဉ်တစ်ရပ်ကို စတင်လုပ်ဆောင်ရန် အမေရိကန်ထိပ်တန်း သံအမတ်တစ်ဦးက ပြင်ဆင်နေစဉ် ဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်မည့် ကိစ္စထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဆူဒန်စစ်ဘက်မှ အရာရှိများက ဆွေးနွေးပွဲ ပြန်လည်ကျင်းပမည့်အချက်အပေါ် အတည်ပြု ပြောကြားခြင်းမရှိသေးပေ။

တိုင်းပြည်အာဏာကို နှစ် ၃၀ ချုပ်ကိုင်ခဲ့သော သမ္မတအိုမာအယ်ဘာရှားအား  ဧပြီ ၁၁ ရက်တွင် ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကောင်စီက ဆူဒန်နိုင်ငံကို အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ဘာရှား ဖြုတ်ချခံရပြီးနောက်ပိုင်းတွင် ဆန္ဒပြသူများသည် အရပ်ဘက်အုပ်ချုပ်ရေးကို တောင်းဆိုရန် မြို့တော်ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်တွင် ဇွန် ၃ ရက်မတိုင်မီအထိ သီတင်းပတ်များစွာကြာ ထိုင်သပိတ်လုပ်ဆောင်ခဲ့သည်။ ဇွန် ၃ ရက်တွင်မူ ထိုဆန္ဒပြအဖွဲ့အား လူစုကွဲစေရန် လုံခြုံရေးတပ်ဖွဲ့များနှင့် ပြည်သူ့စစ်များက ဖြိုခွင်းမှုလုပ်ဆောင်ခဲ့ရာ လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။

ဇွန် ၉ ရက်တွင် လူထုဆန္ဒပြမှုတစ်ခု ထွက်ပေါ်လာခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ငန်းအများစုကို ခေတ္တပိတ်သိမ်းထားရပြီး ဒေသခံများသည်လည်း သုံးရက်ကြာသည်အထိ အိမ်တွင်း၌ပင် နေထိုင်ရကြောင်း သိရသည်။ စစ်တပ်အကြီးအကဲများက အစိုးရအဖွဲ့သစ်အတွက် အဖွဲ့ဝင်များစာရင်းကို ထုတ်ပြန်ခဲ့ရာမှ နှစ်ဦးနှစ်ဖက်အကြား အငြင်းပွားမှု စတင်လာခဲ့ခြင်းဖြစ်ကာ ထိုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းအားဖြင့် စစ်တပ်အကြီးအကဲများအပေါ် ပိုမိုဖိအားပေးသွားမည့်အကြောင်းကို ဇွန် ၉ ရက် လူထုဆန္ဒပြပွဲက အချက်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် ဆန္ဒပြသူများသည် ပြည်သူ့ဆန္ဒပြပွဲကို ရပ်ဆိုင်းရန်နှင့် ဆွေးနွေးပွဲဆီသို့ သွားရန် သဘောတူခဲ့ကြောင်း နှစ်ဖက်ပြေလည်မှုရစေရန် ကြားဝင်ဖျန်ဖြေပေးနေသည့် အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက်ကဆိုသည်။ “လူထုဆန္ဒပြပွဲကို အဆုံးသတ်ဖို့ ဇွန် ၁၂ ရက်မှာပဲ Alliacne For Freedom and Change အဖွဲ့က သဘောတူခဲ့ပါတယ်။ ဆွေးနွေးပွဲတွေကို မကြာမီမှာ ပြန်လည်စတင်ကြဖို့ နှစ်ဖက်စလုံးက သဘောတူထားပါတယ်” ဟု အာမက်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆန္ဒပြပြည်သူများကို ဇွန် ၁၂ ရက်မှစ၍ မိမိတို့၏ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြရန် တောင်းဆိုထားကြောင်း ဆန္ဒပြလှုပ်ရှားမှုကို ဦးဆောင်သူများကိုယ်တိုင်က ဆိုသည်။ လက်ရှိဆူဒန်ပဋိပက္ခများအပေါ် ဘုံသဘောတူညီချက်ရရှိရန် ရှေးရှု၍ အတူတကွ ဆက်လက်ကြိုးပမ်းကြရန်နှင့် အပြစ်မဲ့ ပြည်သူများအား တိုက်ခိုက်မှုလုပ်ဆောင်နေခြင်းကို ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆန္ဒပြသူများနှင့် ဆူဒန်စစ်ဘက်အကြီးအကဲများကို တောင်းဆိုထားသည်။ ဆူဒန်အကျပ်အတည်းနှင့် ပတ်သတ်၍ ဆူဒန်စစ်တပ်၏ အကြမ်းဖက်မှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို ကုလလုံခြုံရေးကောင်စီတွင် ထွက်ပေါ်လာစေရန် ကြိုးပမ်းခဲ့သော်လည်း တရုတ်နှင့်ရုရှားက ကန့်ကွက်ခဲ့ကြသည်။                              

 


READ NEXT
Cancel OK