Top News

ရေဘေးသင့်ဒေသများအတွက် စေတနာရှင်၊ အလှူရှင်များက ကျပ် ၁၁ ဘီလျံကျော် ထပ်မံ​လှူဒါန်းခဲ့ပြီး စုစုပေါင်း လှူဒါန်းငွေ ကျပ် ၅၃ ဘီလျံကျော်ရှိပြီဖြစ်
24htopnews | October 11, 2024 5:12 PM CST

ရေဘေးသင့်ဒေသများအတွက် စေတနာရှင်၊ အလှူရှင်များက ကျပ် ၁၁ ဘီလျံကျော် ထပ်မံ​လှူဒါန်းခဲ့ပြီး စုစုပေါင်း လှူဒါန်းငွေ ကျပ် ၅၃ ဘီလျံကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ ၉ ရက်က

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ နစက ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းကြရာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့် နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အသီးသီး လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌက အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေကြီး ရေလျှံမှုသဘာဝဘေးဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည့်အခြေအနေများကို ရှင်းလင်းပြောကြာခဲ့သည်။

ယင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့မှုကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသ ကဲ့သို့ စေတနာရှင်အလှူရှင်များအနေဖြင့် တတ်နိုင်သရွေ့လှူဒါန်းခြင်းများ၊ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြကြောင်း၊ ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက် အားတိုက်ဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲများ ဆောင် ရွက်ခဲ့ရာတွင် ပထမအကြိမ်၌ ကျပ် ၃၂ ဘီလျံကျော် ရရှိခဲ့ပြီး ဒုတိယအကြိမ်တွင် ကျပ် ၁၀ ဘီလျံကျော်ကို ရရှိခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

စေတနာရှင်အလှူရှင်များ အနေဖြင့်လည်း အခက်အခဲများကြားမှ လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး ထင်မှတ်မထားလောက် သည့်များပြားသောအလှူငွေပမာဏများဖြစ်ကြောင်း၊ ယနေ့တွင်ပြုလုပ်သည့် တတိယအကြိမ် အလှူငွေပေးအပ်ပွဲသို့  လာရောက် လှူဒါန်းပေးကြသည့်အတွက်လည်း စေတနာရှင်အလှူရှင်များအားလုံးကို နိုင်ငံတော် အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက် သည့် အခြေအနေများကြုံတွေ့ချိန်၌ လူတစ်ဦးချင်းနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း အသီးသီးမှလည်း လှူဒါန်းမှုများရှိကြောင်း၊ အလားတူ ဒေသအသီးသီးတွင်လည်း လူမှုရေးအသင်းအဖွဲ့များနှင့် လူပဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ၎င်းတို့အစီအစဉ်ဖြင့် လိုက်လံကူညီလှူဒါန်းပေးနေခြင်းများရှိပြီး ၎င်းတို့လှူဒါန်းသည့် ပစ္စည်းအင်အား၊ ငွေအင်အားများမှာလည်း များပြားကြသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ကူညီ ဆောင်ရွက်ပေးနေမှုများအပေါ်လည်း အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်အထိ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေစုစုပေါင်းမှာ ကျပ် ဘီလျံ ၅၀ ကျော်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဖြစ်ပေါ်လာခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အင်းလေးကန်၌ ရေကျဆင်းမှုမရှိသေးကြောင်း၊ အလားတူလောပိတနှင့် အထက်ပေါင်းလောင်းတို့တွင် လည်း ရေဝင်ရောက်မှုများပြားနေသောကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများ ကို လုပ်ဆောင်၍မရသေးကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များနှင့်ပတ်သက်၍ အချိန်ယူ၍ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ အောက်တိုဘာ ၉ ရက်က ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် အလှူငွေ စုစုပေါင်း ကျပ် ၁၁ ဒသမ ၉၇ ဘီလျံကျော်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK