Top News

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရေကြောင်းမှားပြီး ရောက်ရှိလာသည့် ဧရာဝတီလင်းပိုင် သားအမိနှစ်ကောင်ကို ကယ်တင်၍ ရေနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့
24htopnews | October 11, 2024 5:12 PM CST

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရေကြောင်းမှားပြီးရောက်ရှိလာသည့် ဧရာဝတီလင်းပိုင် သားအမိနှစ်ကောင်အား ကယ်တင်၍ ရေနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ တာဝန်ရှိသူများမှ မုတ္တမပင်လယ်ကွေ့အတွင်း ရေပျော်ငှက် များနှင့် ဆောင်းခို ငှက် များအားလေ့လာစောင့်ကြည့်ခြင်းများလုပ်ဆောင်နေစဉ် အောက်တိုဘာလ (၅) ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာအုပ်စု၊ ကျွန်းသာယာ အပြင်သောင်အတွင်း ဧရာဝတီလင်းပိုင်ဟုယူဆရသည့်ငါးတစ်ကောင်တွေ့ရှိရ၍ လှေဖြင့် လိုက်လံကြည့်ရှုစဉ် ချောင်းပေါက်အပိတ်တစ်ခုအတွင်း မြက်ခြုံပေါ်တင်နေသည့် ဧရာဝတီလင်းပိုင်ငယ်လေးတစ်ကောင်အားတွေ့ရှိခဲ့ကြောင်း (BANCA) အဖွဲ့မှ ရေသယံဇာတနှင့် ရေပျော်ငှက်လေ့လာရေးအဖွဲ့တာဝန်ခံ ဦးသော်ဖြိုးရွှေ က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဲ့ဒီ ဧရာဝတီလင်းပိုင်ငယ်လေးကို ကယ်ဆယ်ပြီးတော့  နောက်ထပ် ပေ (၅၀) လောက်အကွာမှာတော့ ဧရာဝတီလင်းပိုင်အမကြီးကိုထပ်ပြီးတွေ့ရပါတယ်။ အဲ့ဒီ ဧရာဝတီလင်းပိုင်အမကို ကယ်ဆယ်ပြီးတော့ လင်းပိုင်သားအမိကို ငါးဖမ်းဧရိယာနဲ့ ဝေးတဲ့၊ ရေကြောင်းနက်တဲ့နေရာအထိကိုသွားပြီး ညနေ (၄) နာရီ (၅၂) မိနစ်လောက်မှာ အောင်မြင်စွာနဲ့ ပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

ဧရာဝတီလင်းပိုင်များအနေဖြင့်အဓိကအားဖြင့် မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း (မွန်ပြည်နယ်) နှင့် မုတ္တမပင်လယ်ကွေ့အနောက်ဘက်ကမ်း (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး) တို့တွင် လှည့်လည်ကျက်စားတတ်သည့် ပင်လယ်နေ နို့တိုက်သတ္တဝါမျိုးဖြစ်ကြောင်းနှင့် အကောင်ရေ ရာဂဏန်းအောက်သာ ကျန်ရှိတော့သည့် အရေးကြီးထိန်းသိမ်းရမည့် မျိုးစိတ်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးဘက်ခြမ်းတွင် ပိုများကြောင်း၊ ယခုလင်းပိုင်သားအမိနှစ်ကောင်မှာ ရေကြောင်းမှားကာ မွန်ပြည်နယ်ဘက်သို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ယူဆရကြောင်း၊ ထိုဧရာဝတီလင်းပိုင်သားအမိအား မတွေ့ရှိခဲ့ပါက ရေကျသွားပါက ကျန်ရှိခဲ့သည့် ကုန်းမြေပေါ်တင်ကျန်ရစ်ခဲ့ကာ အသက်သေဆုံးသွားနိုင်သည့်အခြေအနေမျိုးဖြစ်သွားနိုင်ကြောင်းလည်း ဦးသော်ဖြိုးရွှေက ဆိုသည်။

အဆိုပါ ဧရာဝတီလင်းပိုင်အမကြီးမှာ (၅.၆) ပေခန့်ရှိပြီး၊ ဧရာဝတီလင်းပိုင်ငယ်မှာ (၂.၅) ပေခန့်ရှိကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) အနေဖြင့် နိုင်ငံအတွင်းရှိ မျိုးသုန်းရန်အစိုးရိမ်ရဆုံး အန္တရာယ်ကျရောက်နေသော မျိုးစိတ်များ (Critically Endangered Species) နှင့် အခြားအရေးကြီးသော နေရပ်ဒေသများအား (၂၀၀၄) ခုနှစ်မှ စတင်ကာရှာဖွေဖေါ်ထုတ်ပြီး ဒေသံပြည်သူများ၊ ဒေသခံထိန်းသိမ်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်းကာ ထိန်းသိမ်းလျက်ရှိသော အဖွဲ့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှာ HELVETAS Myanmar နှင့် ပူးပေါင်း၍ မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် မုတ္တမပင်လယ်ကွေ့အတွင်း ရေဝပ်ဒေသများထိန်းသိမ်းခြင်း၊ ရေသယံဇာတများထိန်းသိမ်းခြင်း၊ ကမ်းခြေနေ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များအား လေ့လာစောင့်ကြည့်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

မုတ္တမပင်လယ်ကွေ့အတွင်း ထူးခြားသည့် ဇီဝမျိုးစုံ၊ မျိုးကွဲများမှီတည်ပေါက်ဖွားလျှက်ရှိရာ၊ ယင်းမုတ္တမပင်လယ်ကွေ့အား (၂၀၁၇) ခုနှစ်၊ မေလ (၁၀) ရက်နေ့က ကမ္ဘာ့အသိအမှတ်ပြု ရေဝပ်ဒေသ ရမ်ဆာဆိုဒ် အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည့်ကြောင်းနှင့် ရမ်ဆာစံနှုန်း (၉) ချက်ရှိသည့်အနက် (၆) ချက်နှင့် ကိုက်ညီသည့် အလွန်ကောင်းမွန်သော ရေဝပ်ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။



 


READ NEXT
Cancel OK