Top News

အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်မည့် စာဆို ဗိမာန်သုံးထပ် အဆောက်အဦ ပန္နက်တင် အခမ်းအနား ပြုလုပ်
24htopnews | October 11, 2024 5:12 PM CST

 

အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်မည့် စာဆ်ို ဗိမာန်သုံးထပ်အဆောက်အဦ ပန္နက်တင်အခမ်းအနားကို အဆိုပါဗိမာန်တည်ဆောက်မည့် ‌မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိမြေနေရာ၌ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်သည့် အထိမ်းအမှတ်အနေဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်လည်းဖြစ်ကြောင်း သိရသည်။

ယင်းစာဆိုဗိမာန်အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီးများနှင့် ဆရာမကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင်  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စာဆိုဗိမာန်တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့် သုံးထပ်အဆောက်အဦအဖြစ် တည်ဆောက်သွားမည့် အခြေအနေများ၊ အဆောက်အဦအား စနစ်တကျတည်ဆောက်နိုင်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စာဆိုဗိမာန်အား အထပ်အလိုက် ပြခန်းများ ခင်းကျင်းပြသသွားမည့် အခြေအနေများနှင့် ယခင်အဆောက်အဦအား စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆောက်အဦများအား စနစ်တကျတည်ဆောက်သွားရန်နှင့် ရှေးစာဆိုတော်ကြီးများ၏ ခေတ်အလိုက် ပန်းချီများ၊ ဓာတ်ပုံများ၊ ရုပ်တုများကို ကြိုတင်၍ ရနိုင်သလောက် စုဆောင်းထားရှိရန်လိုကြောင်း၊ ဂီတစာဆိုတော်ကြီးများ၏ မှတ်တမ်းများနှင့်ပတ်သက်၍လည်း ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဆောင်ရွက်ရာတွင်လည်း စာပေများဖတ်ရှုနိုင်ရန်အတွက် စာဖတ်ခန်းများကို အဓိကထည့်သွင်း၍ စနစ်တကျဖြင့် ထားရှိသွားရန်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ယခုတည်ဆောက်မည့် စာဆိုဗိမာန်အဆောက်အဦကို သုံးထပ်အဆောက်အဦအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်မှုသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ သမိုင်းဝင်ဂီတအနုပညာများခင်းကျင်းပြသမည့် ပြခန်းများ၊ ပေပုရပိုက်များခင်းကျင်းပြသမည့် ပြခန်းများ၊ သမိုင်းဝင်ကဗျာများခင်းကျင်းပြသမည့် ပြခန်းများ၊ စာပေဆုရခဲ့ဖူးသောစာအုပ်စာပေများခင်းကျင်းပြသမည့် ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်တာစာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများကို ထည့်သွင်းထားရှိမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK