Top News

မြန်မာနိုင်ငံက ဒုတိယအကြိမ် အိမ်ရှင်အဖြစ် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး နေပြည်တော်တွင် ကျင်းပ
24htopnews | October 11, 2024 5:12 PM CST

မြန်မာနိုင်ငံမှ ဒုတိယအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက်(18th ASEAN Navy Chief's Meeting) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဖွင့်အမှာစကား ပြောကြားရာ၌ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့်သာမက အိမ်နီးချင်း နိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပ သည့် (၁၈) ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ရွေးချယ်ထားသည့်ခေါင်းစဉ်မှာ “ငြိမ်းချမ်းကြွယ်ဝ သောဒေသဆီသို့ တက်ညီလက်ညီ လှော်ခတ်ခြင်း ဖြစ်ပြီး မိမိတို့၏ တူညီသော ရည်မှန်းချက်အမြင်နှင့် စုပေါင်းစိတ်ဓာတ်ကို အကောင် အထည် ဖော်ရန်ဖြစ်သဖြင့် လက်ရှိအခြေအနေများနှင့် အလွန်လိုက်ဖက်ကြောင်း၊ အာဆီယံ ဒေသရေပြင်သည် အာဆီယံနိုင်ငံများအတွင်း မှီတင်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေသည့်ရပ်ဝန်းဖြစ်သည့်အတွက် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့ကို ဦးစားပေးဆောင်ရွက် ပြီး အာဆီယံရေပြင်များအတွင်း အခြားပြင်ပ စွက်ဖက်မှုများမရှိစေရေး ပိုမိုသတိထား ဆောင်ရွက်သင့်ကြောင်း၊ မိမိတို့အာဆီယံ ပင်လယ်ပြင်တွင် ဒေသတွင်းရေကြောင်း ဘေးကင်းလုံခြုံမှုနှင့် တည်ငြိမ်ရေးတို့အတွက် အာဆီယံရေတပ်များအကြား အတူတကွ လက်တွဲပြီး ကျော်ဖြတ်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက (၁၈) ကြိမ် မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (18th ASEAN Navy Chief's Meeting) ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ထံသို့ အာဆီယံ ရေတပ်အကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကိုယ်စားကာကွယ်ရေးဦးစီးချုပ်(ရေ)မှ 18th ASEAN Navy Chief's Meeting အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ယင်း ဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ဘရူနိုင်းနိုင်ငံ ယာယီရေတပ်ဦးစီးချုပ် Captain Haji Mohamad Sarif Pudin Bin Matserudin ၊ ကမ္ဘောဒီးယား ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Sam Sokha လာအိုပြည်သူ့ တပ်မတော်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Vanthong Bouttavong ၊ ဗီယက်နမ်ပြည်သူ့ရေတပ် ဒုတိယရေတပ်ဦးစီးချုပ် Rear Admiral Pham Nhu Xuan ၊ ထိုင်းဘုရင့် တပ်မတော်ရေတပ်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် Vice Admiral Puchong Pradittheera ၊ တော်ဝင်မလေးရှားရေတပ် နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးCaptain Mohd Irwan bin Che Mohd Rani RMN၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား စစ်သံမှုး Captain (Navy) Taufiq Darlem, S.T၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စစ်သံမှူး Colonel Jose P Navarro JR PA(MNSA) နှင့် တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK