Top News

ဂျပန်ဝန်ကြီးချုပ် သံတမန်ရေးရာပွဲဦးထွက်အဖြစ် အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံ
24htopnews | October 10, 2024 11:12 PM CST

ဗီယန်ကျင်း၊အောက်တိုဘာ ၁၀

ဂျပန်ဝန်ကြီးချုပ်သစ် မစ္စတာ ရှီဂဲရု အိရှိဘ သည် ၎င်း၏ သံတမန်ရေးရာပွဲဦးထွက်အနေဖြင့် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ကာ အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

“ဒီတွေ့ဆုံမှုက ကျွန်တော်ဝန်ကြီးချုပ်ရာထူးရရှိခဲ့ပြီး ပထမဆုံးပြုလုပ်ရတဲ့ တွေ့ဆုံဆွေးနွေးမှုလည်းဖြစ်ပါတယ်” ဟု မစ္စတာအိရှိဘက ဂျပန် – အာဆီယံထိပ်သီးဆွေးနွေးပွဲမိန့်ခွန်း၌ပြောကြားခဲ့သည်။

ယင်းနောက် မစ္စတာအိရှိဘက ဂျပန်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကဲ့သို့သောကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။

စီးပွားရေးတိုးတက်မှုအပါအဝင် တည်ငြိမ်တဲ့စွမ်းအင်ထောက်ပံ့မှုစနစ်ရရှိရေးတို့အတွက် အာမခံချက်ပေးကာ ဒေသတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေးကိုလည်း မြှင့်တင်ဆောင်ရွက်နိုင်ရန် အတူလက်တွဲဆောင်ရွက်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

စက်တင်ဘာလက တိုက်ခတ်ခဲ့သည့် ယာဂီမုန်တိုင်း၏ ဘေးဒဏ်သင့် ခဲ့သောအာဆီယံနိုင်ငံများအတွက်လည်း ၎င်းအနေဖြင့် ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မစ္စတာအိရှိဘ၏ လာအိုခရီးစဉ်အတွင်း ၎င်းသည် တရုတ်ဝန်ကြီးချုပ်လီချင်နှင့် တောင်ကိုရီးယားသမ္မတတို့နှင့်ပါတွေ့ဆုံနိုင်ခြေရှိကြောင်းသိရှိရပြီး အမေရိကနှင့် တရုတ်အပါအဝင် အာဆီယံနှင့်၎င်း၏အဓိကမိတ်ဖက်နိုင်ငံများအကြားပြုလုပ်မည့် အရှေ့အာရှထိပ်သီးအစည်းအဝေးကိုပါ တက်ရောက်မည်ဟုလည်းသိရသည်။

Source : နစ်ကေးအေးရှား


READ NEXT
Cancel OK