Top News

သံရုံးထောက်ခံစာအတုပြုလုပ်ပြီး ဗီဇာသက်တမ်းတိုးမည့်သူများ၏ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်း၊ အရေးယူခြင်းများပြုလုပ်မည်ဟု ဘန်ကောက်ရှိမြန်မာသံရုံးထုတ်ပြန်
24htopnews | October 10, 2024 11:12 PM CST

သံရုံးထောက်ခံစာအတုဖြင့် ဗီဇာသက်တမ်းတိုးလျှောက်ထားခြင်းများရှိနေရာ အတုပြုလုပ်သူများကို နိုင်ငံကူးလက်မှတ်ပယ်ဖျက်ခြင်း၊ အရေးယူခြင်းများပြုလုပ်မည်ဟု ဘန်ကောက်ရှိမြန်မာသံရုံးက ထုတ်ပြန်သည်။

ရက်ကျော်လွန်နေထိုင်သူအချို့မှာ ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ လာရောက်ပြီး မြန်မာသံရုံး၏ ထောက်ခံစာအတု (အတု) ဖြင့် ဗီဇာသက်တမ်းတိုး လျှောက်ထားမှုများ ရှိနေသည်ဟု သက်ဆိုင်ရာမှ အသိပေးလာကြောင်း၊ ထောက်ခံစာနှင့် နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စများ ဆောင်ရွက်ရန် နိုင်ငံတကာသံရုံးများမှာ သက်ဆိုင်ရာနိုင်ငံ၏ ဌာနများသို့ မိမိသံရုံး၏ ကောင်စစ်အရာရှိများ လက်မှတ်၊ တံဆိပ်တုံးနမူနာပုံစံ၊ နေ့စဉ်ထုတ်ပေးခဲ့သော ထောက်ခံစာများ၏ စာနံပါတ်နှင့် ရက်စွဲတို့ကို ပေးပို့ထားပြီးဖြစ်ကြောင်း၊ ယင်းကြောင့် သက်ဆိုင်ရာနိုင်ငံများ၏ ဌာနများအနေဖြင့် ထောက်ခံစာတစ်စောင်အပေါ် သံသယရှိပါက ချက်ချင်းစစ်ဆေးဖော်ထုတ်နိုင်ခြင်း၊ သက်ဆိုင်ရာသံရုံးသို့ အကြောင်းကြားကာ စာနံပါတ်၊ ရက်စွဲ၊ ထုတ်ပေးသူအမည်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်နိုင်ကြောင်း သံရုံးက ထုတ်ပြန်သည်။

ထိုသို့ ထောက်ခံစာအတု ပြုလုပ်ပေးသူ၊ အတုအပထောက်ခံစာဖြင့် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ဌာနများသို့ လာရောက်သူများ တွေ့ရှိပါက နိုင်ငံကူးလက်မှတ်များအား ပယ်ဖျက်ခြင်း၊ ဉပဒေကြောင်းအရ အရေးယူခြင်း ပြုလုပ်ရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာမှ ပေးပို့ထားသည့် Passport No. MF364672 (Date of Birth 01 March 1997) ကိုင်ဆောင်သူအနေဖြင့် လာရောက်သတင်းပို့ရန်နှင့် ရှင်းလင်းရန် လိုအပ်ကြောင်း၊ အောက်တိုဘာ ၂၅ ရက်အထိ မလာရောက်ပါကယင်းနိုင်ငံကူးလက်မှတ်အား Null and Void ကြေညာဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

မြန်မာသံရုံး (ဗန်ကောက်) သည် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် လည်းကောင်း၊ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ဖြင့်လည်းကောင်း ရောက်ရှိနေသူများအား အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းတိုးနိုင်ရန် လိုအပ်သည့် ထောက်ခံစာ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ထောက်ခံစာ ပြုလုပ်ပေးရာတွင် နေထိုင်ခွင့်သက်တမ်း အနည်းဆုံး ခုနစ်ရက်ကျန်ရှိသူများကိုသာ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ခုနစ်ရက်မကျန်ရှိသူများ၊ သက်တမ်းကျော်လွန်နေထိုင်သူများကို လုံးဝ (လုံးဝ) ပြုလုပ်ပေးခြင်း မပြုကြောင်း သိရသည်။


READ NEXT
Cancel OK