Top News

လေးချီအထိ အလဲထိုးမခံရပါက ဒေါ်လာငါးသန်း အပိုပေးမည်ဟု မိုက်တိုင်ဆန်ကို ဂျိတ်ပေါလ် ကမ်းလှမ်း
24htopnews | October 10, 2024 10:12 PM CST

YouTuber အဖြစ်မှ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားအဖြစ် ပြောင်းလဲထိုးသတ်နေသည့် ဂျိတ်ပေါလ်က အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း မိုက်တိုင်ဆန်အား လေးချီအထိ အလဲထိုးခံရခြင်းမရှိပါက ဒေါ်လာငါးသန်း အပိုပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အရပ်ခြောက်ပေ တစ်လက်မအမြင့်ရှိပြီး အသက် ၂၇ နှစ်သာရှိသေးသူ ဂျိတ်ပေါလ်နှင့် အရပ်ငါးပေ ၁၀ လက်မအမြင့်ရှိပြီး အသက် ၅၈ နှစ်ရှိပြီဖြစ်သူ မိုက်တိုင်ဆန်တို့၏ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲစဉ်ကို နိုဝင်ဘာ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့ရှိ AT&T Stadium ကွင်း၌ ကျင်းပမည်ဖြစ်ပြီး Netflix မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းပွဲစဉ်ကို မူလက ဇူလိုင် ၂၀ ရက်တွင် ထိုးသတ်ရန်စီစဉ်ထားသော်လည်း မိုက်တိုင်ဆန်၏ ကျန်းမာရေးအခြေအနေကြောင့် နိုဝင်ဘာသို့ ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။

''မိုက်ကီ မိုက်ကီ၊ ကျွန်တော်နဲ့ လေးချီထက်ပိုကြာအောင် ခင်ဗျားထိုးနိုင်ရင် ကျွန်တော်က ခင်ဗျားကို ဒေါ်လာငါးသန်းပေးမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် 'ဂျိတ်ပေါလ်ကို ငါ ချစ်တယ်' ဆိုတဲ့တက်တူး ခင်ဗျားထိုးရမယ်'' ဟု ဂျိတ်ပေါလ်က ပြောကြားသည်။

၎င်းတို့နှစ်ဦးစလုံး၏ တောင်းဆိုမှုအရ အဆိုပါပွဲစဉ်ကို ပရော်ဖက်ရှင်နယ်ပွဲအဖြစ် ခွင့်ပြုပေးထားပြီး ၁၄ အောင်စလက်အိတ်ဖြင့် နှစ်မိနစ် ရှစ်ချီ ထိုးသတ်ရမည်ဖြစ်သည်။

မိုက်တိုင်ဆန်သည် ၂၀၂၀ ပြည့်နှစ်တွင် သရုပ်ပြလက်ဝှေ့ပွဲ နောက်ဆုံးထိုးသတ်ထားပြီး ဂျိတ်ပေါလ်မှာမူ ပရိုပွဲစဉ် ၁၁ ပွဲတွင် ၁၀ ပွဲအနိုင်ရကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။


READ NEXT
Cancel OK