Top News

ဟာရီကိန်းမုန်တိုင်းကြီး မီလ်တန် ပြင်းအားအဆင့်သုံးရှိသော မုန်တိုင်းအဖြစ် ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်တိုက်ခတ်
24htopnews | October 10, 2024 6:12 PM CST

မီလ်တန်ဟာရီကိန်းသည် အောက်တိုဘာ ၉ ရက်တွင် ဖလော်ရီဒါကမ်းရိုးတန်းကို ဝင်ရောက်ခဲ့ရာ လွန်ခဲ့သော သီတင်းနှစ်ပတ်ကျော်က အင်အားကြီးမုန်တိုင်းဝင်ရောက်ခဲ့သောဒေသတွင် ပြင်းထန်သော လေများ တိုက်ခတ်ခဲ့ပြီး အသက်အန္တရာယ်ခြိမ်းခြောက်သော မုန်တိုင်းဒီရေတို့ ဖြစ်ပေါ်ခဲ့သည်။

လေစိုင်ဆုံသည် ဟာရီကိန်းပြင်းအား အဆင့်သုံးရှိသော မုန်တိုင်းအဖြစ် အမေရိကန် အနောက်ကမ်းရိုးတန်းပေါ်က လူနေသိပ်သည်းသောဧရိယာဖြစ်သည့် စီယက်စတာကီးအနီး၌ ကုန်းတွင်းကို ဝင်ရောက်ခဲ့သည်။

ကုန်းတွင်းသို့ဝင်မလာမီ မီလ်တန်မုန်တိုင်းသည် လေဆင်နှာမောင်းများကို ဖြစ်ပေါ်စေခဲ့သည်။ လေဆင်နှာမောင်းများကြောင့် သေဆုံးသူအများအပြားရှိကြောင်း အတည်မပြုနိုင်သော သတင်းများထွက်ပေါ် ခဲ့သည်။ ဖလော်ရီဒါအရှေ့ကမ်းရိုးတန်းပေါ်က သက်ကြီးဂေဟာကို လေဆင်နှာမောင်းတိုက်သွားသောကြောင့် လူသေဆုံးမှုများရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မီလ်တန်မုန်တိုင်း၏ ကနဦးသက်ရောက်မှုများနှင့်ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်ကို အစီရင်ခံခဲ့သည်ဟု ဆိုသည်။

မီလ်တန်သည် ပြင်းအားအဆင့်တစ်ရှိသော မုန်တိုင်းအဖြစ်အားနည်းသွားသည်ဆိုသော်လည်း အောက်တိုဘာ ၁၀ ရက် နံနက်လင်းအားကြီးအချိန်တွင် လေတိုက်နှုန်းတစ်နာရီကို မိုင် ၉၀ (တစ်နာရီကို ကီလိုမီတာ ၁၅၀) အထိ ရှိနေဆဲဖြစ်သည်ဟု အမျိုးသားဟာရီကိန်းစင်တာ၏ထုတ်ပြန်ချက်အရ သိရသည်။

“ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းရဲ့ နေရာအများအပြားမှာ မိုးတွေအလွန်များနေပါတယ်။ ပြင်းထန်တဲ့ လေတွေလည်း ဆက်လက်တိုက်နေပါတယ်။ ရုတ်တရက် ရေကြီးမှုအရေးပေါ်သတိပေးချက်ဟာ ထုတ်ပြန်ထားဆဲဖြစ်ပါတယ်” ဟု အမျိုးသားဟာရီကိန်းစင်က သတိပေးထားသည်။

လေဖိအားနည်းရပ်ဝန်းနှင့်ဆက်စပ်ပြီး ရေများမြင့်တက်လာခြင်းကြောင့် ဖလော်ရီဒါ၏လူဦးရေထူထပ်သော အနိမ့်ပိုင်း Gulf Coast တွင် ရေကြီးမည်ဟု ခန့်မှန်းထားသည်။

ဖလော်ရီဒါပြည်နယ်ရှိ အိမ်ထောင်စုနှင့် လုပ်ငန်းအနည်းဆုံး ၂ ဒသမ ၈ သန်းသည် အောက်တိုဘာ ၉ ရက်ညပိုင်းတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်ဟု သိရသည်။

မီလ်တန်သည် ကုန်းတွင်းကို ဆက်လက်ဝင်ရောက်မည်ဟု ခန့်မှန်းရသောကြောင့် ၎င်း၏ လမ်းကြောင်းပေါ်တွင်ရှိနေသော Disney World ကို ပိတ်ထားသည်ဟု ဆိုသည်။ Disney World သည် အော်လန်ဒိုတွင် တည်ရှိသည်။

အောက်တိုဘာ ၈ ရက်တွင် မီလ်တန်သည် အမြင့်ဆုံးသတ်မှတ်သည့် ပြင်းအားအဆင့်ငါးရှိသော ဟာရီကိန်းမုန်တိုင်းအဖြစ် ပြန်လည်အားကောင်းလာခဲ့ပြီး အမြင့်ဆုံး လေတိုက်နှုန်းသည် တစ်နာရီကို ၁၆၅ မိုင် (တစ်နာရီကို ကီလိုမီတာ ၂၇၀)အထိရှိလာကြောင်း အမျိုးသားဟာရီကိန်းစင်တာက ပြောကြားခဲ့သည်။

“မီလ်တန်ဟာ မက္ကဆီကို ပင်လယ်ကွေ့အရှေ့ပိုင်းကို ဖြတ်ကျော်တဲ့အခါ ပြင်းအား အတက်အကျရှိနိုင်တယ်ဆိုပေမယ့် မုန်တိုင်းဟာ အောက်တိုဘာ ၉ ရက်ညမှာ ဖလော်ရီဒါအနောက်အလယ်ပိုင်းကမ်းခြေကို ရောက်လာတဲ့အခါ အန္တရာယ်များတဲ့ဟာရီကိန်း ကြီးဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်” ဟု အမျိုးသားဟာရီကိန်းစင်တာက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းခြင်းမရှိသောပြည်နယ်သူ ပြည်နယ်သားများအနေဖြင့် အိမ်ထဲတွင် နေကြရန်၊ ကားလမ်းများပေါ်သို့ ထွက်ခြင်းမပြုရန် မုန်တိုင်းဝင်မလာမီ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ပြောကြားခဲ့သည်။

“ရေကြီးရေလျှံတာ၊ လျှင်မြန်တဲ့ မုန်တိုင်း ဒီရေတက်တာတို့ဟာ အလွန်အန္တရာယ်များပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်ပတ်ကျော်တွင် ဟယ်လင်းမုန်တိုင်းဝင်ခဲ့ပြီးနောက် ယခုမီလ်တန်မုန်တိုင်းဝင်ခြင်းဖြစ်သည်။          


READ NEXT
Cancel OK