Top News

နိုင်ငံတကာပွဲကစားမည့်သူများ Quarantine ဝင်ရမည်ဆိုပါက နုတ်ထွက်ခိုင်းမည်ဟု ကလော့ပ်ဆိုခဲ့ခြင်းကို ဆိုးလ်ရှား ထောက်ခံ
24htopnews | October 10, 2024 5:12 AM CST

နိုင်ငံတကာပွဲ သွားရောက်ကစားမည့်သူများ ပြန်ရောက်လာချိန်တွင် Quarantine နေရပါက နုတ်ထွက်ခိုင်းမည်ဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်၏ပြောကြားမှုကို မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ထောက်ခံခဲ့ပြီး ကစားသမားများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

    

ဗြိတိန်အစိုးရက "အနီရောင်အဆင့်" သတ်မှတ်ထားသည့် နိုင်ငံများမှ ရောက်ရှိလာသူများကို ဟိုတယ်၌ Quarantine (၁၀) ရက် နေထိုင်ရန် ညွှန်ကြားထားပြီး အနီရောင်အဆင့်နိုင်ငံများတွင် ပေါ်တူဂီအပါအဝင် တောင်အမေရိကနိုင်ငံအားလုံး ပါဝင်ကြောင်း သိရသည်။ 

မန်ယူအသင်း၏ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၊ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ၊ ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်တို့မှာ သက်ဆိုင်ရာလက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံရဖွယ်ရှိနေရာ ဆိုးလ်ရှားက ပဲလေ့စ်နှင့် သရေကျသည့်ပွဲအပြီးတွင် ယခုလို ပြောကြားခြင်းဖြစ်သည်။ 

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့မဆွေးနွေးရသေးပါဘူး။ ဒါပေမဲ့ (၁၀)ရက် သီးခြားခွဲနေရမယ့်စည်းမျဉ်းကြောင့် ကိုယ့်ကစားသမားကို ဆုံးရှုံးရမယ်ဆိုရင်တော့ ဒါက အဓိပ္ပာယ်မရှိပါဘူး။ အဲဒီလိုဖြစ်လို့မရပါဘူး။ ကျွန်တော်တို့ ကကစားသမားတွေ စေလွှတ်ပေးနေကျပါ။ စည်းမျဉ်းအကြောင်းကိုလည်း သဘောပေါက်ပါတယ်။ သူတို့ကို မလွှတ်ပေးလို့ရတယ်ဆိုပြီး FIFA က ခွင့်ပြုပေးထားပါတယ်။ ဒါကြောင့် သူတို့ကိုစေလွှတ်ပေးပြီး အနီရောင်အဆင့်နိုင်ငံတွေမှာ ကစားခိုင်းဖို့ဆိုတာ ကျွန်တော့်အတွက်တော့ ခက်ခဲတဲ့ကိစ္စပါ။ ဒီကိစ္စကို ကစားသမားတွေနဲ့ ဆွေးနွေးသွားမှာပါ"ဟု ဆိုးလ်ရှားက ဆိုခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ စည်းမျဉ်းအရ ကလပ်အသင်းများအနေဖြင့် နိုင်ငံတကာပွဲကစားရန် ရွေးချယ်ခံရသည့် ကစားသမားများအား မဖြစ်မနေစေလွှတ်ပေးရန် လိုအပ်ကြောင်း သိရသည်။ 

သို့သော် COVID-19 ရောဂါကြောင့် ခရီးသွားလာမှု ဆိုင်ရာ ကန့်သတ်ချက်များရှိနေသဖြင့် ယင်းစည်းမျဉ်းအတွက် ဖြေလျှော့မှုကို ဧပြီလကုန်အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း FIFA က ဖေဖော်ဝါရီလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။ 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း ကလပ်အသင်းသာ ဦးစားပေးဖြစ်သောကြောင့် အနီရောင်အဆင့်နိုင်ငံမှ ကစားသမားများအား လူစာရင်းမှ နုတ်ထွက်ခိုင်းမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။


READ NEXT
Cancel OK