Top News

လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် တံကောက်ကြောဒဏ်ရာကြောင့် (၆) ပတ်နားရမည် ဖြစ်ပြီး ချယ်လ်ဆီး၊ အာဆင်နယ်တို့နှင့်ကစားမည့် အရေးကြီးပွဲစဉ်များကို လွဲချော်မည်
24htopnews | October 10, 2024 3:12 AM CST

 

လီဗာပူးလ်အဓိကဂိုးသမား အယ်လစ်ဆန်သည် တံကောက်ကြောဒဏ်ရာကြောင့် (၆) ပတ် အနားယူရမည်ဖြစ်ပြီး ချယ်လ်ဆီး၊ အာဆင်နယ်၊ အက်စတွန်ဗီ လာအသင်းတို့နှင့် ကစားရမည့် ပရီးမီးယားလိဂ်အရေးကြီးပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။ 

အသက် (၃၂) နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်သည် အောက်တိုဘာလ (၅) ရက်(စနေနေ့)က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ခရစ္စတယ်ပဲလေ့စ် (၀-၁) လီဗာပူးလ်ပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ အယ်လစ်ဆန်သည် အဆိုပါပွဲစဉ်တွင် ဘောလုံးခုန်ဖမ်းရာ၌ အကျမတော်ဘဲ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

အယ်လစ်ဆန်သည် ဒဏ်ရာရရှိခဲ့ခြင်းအတွက် ဒေါသထွက်နေပုံရပြီး လက်အိတ်ကို ချွတ်ပစ်ကာ ကွင်းကြမ်းပြင်ကို ဒေါသတကြီး ထုခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ အယ်လစ်ဆန်သည် အဆိုပါပွဲစဉ်၏ပွဲချိန် (၇၉)မိနစ်တွင် တတိယဂိုးသမား ဂျာရော့စ်နှင့် လူစားလဲခဲ့ရသည်။ 

ယခုအခါ အယ်လစ်ဆန်၏ ဒဏ်ရာကို Scan ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် တံကောက်ကြောဒဏ်ရာဖြစ်ကြောင်း တွေ့ခဲ့ခြင်းဖြစ်ပြီး (၆) ပတ် အနားယူရမည့်ဖြစ်ရာ နိုဝင်ဘာလလယ်ပိုင်းလောက်မှာသာ ပြန်ကစားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ အယ်လစ်ဆန်သည် တံကောက်ကြောနာကျင်မှုကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကို လွဲချော်ထားသလို၊ ပြီးခဲ့သည့်ရာသီကလည်း ဒဏ်ရာပြဿနာနှင့် ဖျားနာမှုများကြောင့် အသင်း၏ ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့သူဖြစ်သည်။ 

အယ်လစ်ဆန်သည် ယခုဒဏ်ရာကြောင့် လီဗာပူးလ်အသင်း၏ နောက်လာမည့် ပြိုင်ပွဲစုံ ပွဲစဉ် (၇) ပွဲကို လွဲချော်မည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် အောက်တိုဘာ (၁၇) ရက်တွင် ချယ်လ်ဆီး(EPL၊ အိမ်)၊ အောက်တိုဘာ (၂၃) ရက်တွင် လိုက်ပ်ဇ်စ်(UCL၊အဝေး)၊ အောက်တိုဘာ (၂၇)ရက်တွင် အာဆင်နယ် (EPL၊ အဝေး)၊ အောက်တိုဘာ (၃၀)ရက်တွင် ဘရိုက်တန်(League Cup၊ အဝေး)၊ နိုဝင်ဘာ (၂) ရက်တွင် ဘရိုက်တန်(EPL၊ အိမ်)၊ နိုဝင်ဘာ (၅) ရက်တွင် လေဗာကူဆင် (UCL၊ အိမ်)နှင့် နိုဝင်ဘာ (၁၀) ရက်တွင် အက်စတွန်ဗီလာ(EPL၊ အိမ်)တို့နှင့်ကစားရမည့်ပွဲများကို အယ်လစ်ဆန်မပါဘဲ ကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK