Top News

သီရိလင်္ကာအသင်းအကြောင်းကို သေချာလေ့လာထားပြီး ရလဒ်ကောင်းများရရှိမည်ကိုယုံကြည်ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ပြော
24htopnews | October 9, 2024 10:12 PM CST

သီရိလင်္ကာအသင်းအကြောင်းကို သေချာလေ့လာထားပြီး ရလဒ်ကောင်းများရရှိမည်ကိုယုံကြည်သည်ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကပြောသည်။

ယနေ့ အောက်တိုဘာ ၉ ရက်နေ့လည်ပိုင်းက သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ သီရိလင်္ကာအသင်းအကြောင်းကို သေချာလေ့လာထားပါတယ်။ သူတို့အသင်းမှာ ဘယ်လိုကစားသမားတွေပါဝင်တယ် ဆိုတာကိုလဲ သေချာသိပါတယ်။ လေ့ကျင့်ရေးကွင်းမှာလဲ နည်းပြတွေနဲ့ကစားသမားတွေအား လုံးက ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးရှိနေကြတာကြောင့် အခုလာမယ့် ခြေစမ်းပွဲနှစ်ပွဲအပါအဝင် နောက်ပွဲစဉ်တွေမှာပါ ရလဒ်ကောင်းတွေရရှိနိုင်မယ်လို့ယုံကြည်ပါတယ်”ဟု မောင်မောင်လွင်ကပြောသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းမှလည်း မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လာမည့် ခြေစမ်းပွဲနှစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး သီရိလင်္ကာအသင်းသည် ယခင်လိုမဟုတ်ဘဲ တိုးတက်ပြောင်းလဲလာသည့်အသင်းဖြစ်သည်ဟု ပြောသည်။

” သူတို့ရဲ့ ကစားပုံ၊ နည်းစနစ်တွေကို ကျွန်တော်တို့သေချာလေ့လာသုံးသပ်ထားပါတယ်။ ဒီခြေစမ်းပွဲနှစ်ပွဲမှာ ပြိုင်ဘက်အသင်းကို လေးလေးစားစားနဲ့ယှဉ်ပြိုင်ပြီး ရလဒ်ကောင်းရရှိအောင် ကြိုးစားသွားပါမယ်”ဟု နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းက ပြောသည်။

ထို့အတူ သီရိလင်္ကာဘောလုံးအသင်းနည်းပြချုပ်မှ မိမိတို့အသင်းအနေဖြင့် ဘယ်အဆင့်လောက်အထိကစားနိုင်မလဲဆိုခြင်းကိုသိရှိလို၍ လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲနှစ်ပွဲအတွက်ကို အကောင်းဆုံးပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာဘောလုံးအသင်းတို့သည် မနက်ဖြန် အောက်တိုဘာ ၁၀ ရက်နှင့် ၁၃ ရက်တို့၌ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK