Top News

ကော့လှိုက်ကျေးရွာမှ ကမ်းပါးပြိုမှုကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စုများအား ငွေကျပ်သိန်း(၂၀)စီ ထောက်ပံ့မည်
24htopnews | October 9, 2024 6:12 PM CST

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာမှ ကမ်းပါးပြိုမှုကြောင့် ထိခိုက်ပျက်စီးသွားသော လူနေအိမ် (၃၂) လုံးမှ အိမ်ထောင်စုများအား ငွေကျပ်သိန်း(၂၀)စီ ထောက်ပံ့ပေးနိုင်ရန် တာဝန်ရှိသူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မှာကြားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေ နှစ်ကြိမ်တိုင်တိုင်ထူးကဲစံချိန်တင်မြင့်တက်မှုကြောင့် ဘားအံမြို့နယ်၊ ကော့လှိုက် ကျေးရွာတွင် အလျားပေ (၅၀၀၀) ခန့် မြစ်ကမ်းပြိုကျခဲ့ပြီး လူနေအိမ် (၃၂) လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးခဲ့ရသော အိမ်ထောင်စုများမှ မိသားစုဝင်များနှင့် အောက်တိုဘာ (၈)ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် အဆိုပါ အိမ်ထောင်စုများအား ကော့လှိုက်ကျေးရွာအနီးပတ်ဝန်းကျင်တွင် ပြန်လည် နေရာချထားပေးနိုင်ရန်နှင့် အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်သိန်း(၂၀)စီထောက်ပံ့ပေးနိုင်ရန် တာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်က မှာကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ ဆန်ရိက္ခာဖိုးငွေ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကိုလည်းကူညီ ထောက်ပံ့ပေးထားကြောင်း သိရသည်။

အဆိုပါ ကမ်းပါးပြိုကျမှုကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရေးပေါ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK