Top News

ယိုရှီဟီဒေဆူဂါက ရှင်ဇိုအာဘေးကို ဆက်ခံသည့် ဂျပန်ဝန်ကြီးချုပ်သစ် တရားဝင်ဖြစ်လာ
24htopnews | October 9, 2024 6:12 PM CST

ဂျပန်ပါလီမန်သည် စက်တင်ဘာ ၁၆ တွင် ယခင်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီဟီဒေဆူဂါကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့သည်။ အာဏာရပါတီ အယ်လ်ဒီပီသည် အောက်လွှတ်တော်တွင် အမတ်နေရာ အများစုကို ရရှိထားသောကြောင့် ဆူဂါ၊ ၇၁ နှစ်သည် ပါလီမန် အောက်လွှတ်တော်တွင် ဆန္ဒမဲ ၄၆၂ မဲအနက် ၃၁၄ မဲကို ရရှိခဲ့ပြီး အလွယ်တကူ အနိုင်ရခဲ့သည်။

ဂျပန်၏ သက်တမ်းရှည်ခေါင်းဆောင်ဖြစ်ခဲ့သော ရှင်ဇိုအာဘေး၏ညာလက်ရုံးဖြစ်ခဲ့သော ဆူဂါသည် စက်တင်ဘာ ၁၄ က အယ်လ်ဒီပီပါတီ၏ခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရပြီး ဖြစ်သောကြောင့် ဝန်ကြီးချုပ်ဖြစ်ရန် သေချာနေခဲ့ပြီးဖြစ်သည်။

လယ်သမားတစ်ဦး၏သားဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန် နိုင်ငံရေးနောက်ခံရှိသော ဆူဂါသည် သာမန်ပြည်သူတို့၏အကျိုးနှင့် ကျေးလက်လူ့အဖွဲ့အစည်းအကျိုးကို ထမ်းဆောင်သွားမည်ဟု ကတိပြုထားသည်။

စတော်ဘယ်ရီ တောင်သူအဖေနှင့် ကျောင်းဆရာမိခင်တို့၏သားဖြစ်သော ဆူဂါသည် ပါတီတွင်းမှ အထက်လွှာနိုင်ငံရေးသမားများနှင့် ခွဲထွက်နေခဲ့သူဖြစ်သည်။ ဂျပန်မြောက်ပိုင်း အာကီတာတွင် ကြီးပြင်းခဲ့သော ဆူဂါသည် စက်ရုံတွင် အလုပ်လုပ်ရရန် တိုကျိုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် ကောလိပ်တက်ခဲ့သူဖြစ်သည်။

၁၉၈၇ ခုနှစ်တွင် တိုကျိုမြို့ပြင်ရှိ ယိုကိုဟားမားတွင် မြူနီစပယ်အဖွဲ့ဝင်အဖြစ် ပထ မဆုံး ရွေးချယ်ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တွင် ပါလီမန်အမတ် ဖြစ်လာခဲ့သည်။ ပါတီခေါင်းဆောင် ရာထူးလက်ခံသည့်မိန့်ခွန်းတွင် ဆူဂါက ထိုနောက်ခံကို ရည်ညွှန်းပြီး သူသည် သုညမှ စတင်ခဲ့သူ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆူဂါသည် လက်တွေ့ပိုကျသော နိုင်ငံရေးသမားအဖြစ် ရှုမြင်ခံရပြီး ဗျူရိုကရေစီ အုပ်ချုပ်ရေးအတားအဆီးများကို ဖြိုဖျက်ရန် လိုအပ်ကြောင်း စည်းရုံးရေး လှုပ်ရှားစဉ် ဆူဂါက ပြောကြားခဲ့သည်။

အာဘေးကို ကာလရှည်ကြာ ထောက်ခံခဲ့သူဖြစ်သော ဆူဂါသည် အာဘေး၏ မပြီးဆုံးသေးသော မူဝါဒများကို ဆက်လက်အကောင်အထည်ဖော်ရန် လုပ်ဆောင်မည်ဟု ပြောကြားထားသည်။

၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း အာဘေး၏ဂျပန်ဝန်ကြီးချုပ် ပထမသက်တမ်းကတည်းက ဆူဂါသည် အာဘေးကို ထောက်ခံခဲ့့သူဖြစ်သည်။

ကျန်းမာရေးမကောင်းသောကြောင့် ရာထူးမှ အာဘေး ရုတ်တရက် အနားယူခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် အာဘေးကို ဝန်ကြီးချုပ်တစ်ဖန် ပြန်ဖြစ်စေရန် ဆူဂါက ကူညီခဲ့သည်။ ဆူဂါအား ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်လိုသော အရာများကို မေးမြန်းရာတွင် ဆူဂါက အာဘေး၏သံတမန်ရေးနှင့် စီးပွားရေးမူဝါဒများကို ချီးကျူးပြောကြားခဲ့သည်။

ဆူဂါသည် ပြည်တွင်းတွင် နိုင်ငံရေးကျွမ်းကျင်လိမ္မာမှုကို ပြသထားသော်လည်း နိုင်ငံရပ်ခြားသို့ ခရီးသွားလာခဲသဖြင့် သူ၏ သံတမန်ရေး စွမ်းရည်ကို မသိကြရသေးပေ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမတိုင်မီကပင် ယိမ်းယိုင်နေသော ဂျပန်စီးပွားရေးကို ပြန်လည်ဦးမော့စေရေးအပါအဝင် ကြီးမားသော စိန်ခေါ်မှုကြီးများက ဆူဂါကို စောင့်ကြိုနေမည် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ပြီး စီးပွားရေးပြန်လည်တိုးတက်ရေးသည် ထိပ်တန်းဦးစားပေး ဖြစ်မည်ဟု ဆူဂါက ပြောကြားထားသည်။

အစိုးရအသုံးစရိတ် ကြီးမားခြင်း၊ ငွေကြေးမူဝါဒများလျှော့ပေါ့ခြင်း၊ ကြိုးနီစနစ် လျှော့ချခြင်းများ အပါအဝင် အာဘေး၏မူ ၀ါဒများကို ဆူဂါက ဆက်လက်ကိုင်ဆွဲဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထားသည်။

 


READ NEXT
Cancel OK