Top News

တစ်လအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အဆင်သင့်ဖြစ်နိုင်ကြောင်း ထရန့်ပြောကြား
24htopnews | October 9, 2024 6:12 PM CST

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် တစ်လအတွင်း ရရှိလာနိုင်ဖွယ်ရှိကြောင်း စက်တင်ဘာ ၁၅ ရက်တွင်ပြောကြားခဲ့ပြီး အဆိုပါကပ်ရောဂါသည် အလိုလို ပျောက်ကွယ်သွားဖွယ်လည်းရှိနေသည်ဟု ထပ်ပေါင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကာကွယ်ဆေးရဖို့ အရမ်းနီးစပ်နေပါပြီ” ဟု ထရန့်က ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ရှိ မဲပေးသူများနှင့် အမေးအဖြေ ကဏ္ဍတွင် ပြောကြားခဲ့သည်။

သီတင်းပတ် အနည်းငယ်အတွင်း ကာကွယ်ဆေးရရှိတော့မည်ဖြစ်ပြီး သီတင်းပတ် ၃ ပတ်၊ ၄ ပတ်လောက် အချိန်ယူရမည်ဟု ထရန့်က ဆိုသည်။

ယင်းအမေးအဖြေကဏ္ဍမတိုင်ခင် တစ်နာရီအလိုတွင် ထရန့်က Fox News သို့ ပြောကြားခဲ့ရာတွင် ကာကွယ်ဆေးရရှိရန် သီတင်းပတ်လေးပတ်မှ ရှစ်ပတ်လောက်အထိ ကြာမြင့်နိုင်မည်ဟု ဆိုသည်။

ဒီမိုကရက်များက ထရန့်သည် နိုဝင်ဘာ ၃ ရက်တွင် ၎င်း၏ပြိုင်ဘက် ဂျိုးဘိုင်ဒင်နှင့် ယှဉ်ပြိုင်ပြီး ဒုတိယအကြိမ် ထပ်မံရွေးကောက်ခံရရန် ကာကွယ်ဆေးကို အချိန်မီ အတည်ပြုစေရေးအတွက် အစိုးရ ကျန်းမာရေးတာဝန်ရှိသူများနှင့် သိပ္ပံပညာရှင်များအပေါ် နိုင်ငံရေးဖိအားများပေးနေမှုကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။

အမေရိကန် အစိုးရ၏ ကူးစက်ရောဂါများဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်သူ အန်တိုနီဖော်ချီ အပါအဝင် ကျွမ်းကျင်သူများကမူ ကာကွယ်ဆေးအတည်ပြုမှုသည် ယခုနှစ် ကုန်ပိုင်းမှ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

မဲပေးသူများနှင့် အမေးအဖြေကဏ္ဍ၌ လက်ရှိ အမေရိကန်တွင် လူပေါင်း ၂၀၀၀၀၀ နီးပါး သေဆုံးစေခဲ့သည့် COVID-19 ကပ်ရောဂါ၏ လေးနက်မှုအား အဘယ်ကြောင့် လျှော့တွက်ခဲ့သနည်းဟု ထရန့်အား မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ထရန့်က ၎င်းအနေဖြင့် ကပ်ရောဂါအား လျှော့တွက်ခြင်းမရှိခဲ့ကြောင်း၊ အမှန်တကယ်အားဖြင့် ကပ်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့်အချက်များကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

သို့သော်လည်း စက်တင်ဘာ ၁၅ ရက် ကထွက်ရှိခဲ့သည့် Rage အမည်ရှိ စာအုပ်သစ်တွင် ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံသားများအား အထိတ်တလန့် ဖြစ်မှုမှ ရှောင်လွှဲရန် ကပ်ရောဂါ၏ လေးနက်မှုကို လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းထောက် ဘော့ဘ်ဝုဒ်ဝတ်နှင့် အင်တာဗျူးတွင် ထရန့်က ဖြေကြားခဲ့သည်။

ထို့ပြင် ထရန့်က ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ၎င်း၏ အငြင်းပွားဖွယ် အကောင်းဆုံး အတွေးအမြင်များအနက်တစ်ခုအပါအဝင်အဖြစ် ဗိုင်းရပ်စ်သည် ပျောက်ကွယ်သွားလိမ့်မည်ဟု ပြောကြားခဲ့သည်။

အစိုးရ သိပ္ပံပညာရှင်များက ဗိုင်းရပ်စ်သည် အချိန်အတိုင်းအတာတစ်ခုအထိ အန္တရာယ်ရှိနေလိမ့်မည်ဟု  ပြောကြားခဲ့သော်လည်း ထရန့်က ဗိုင်းရပ်စ်သည် ကာကွယ်ဆေး မရှိသော်လည်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး၊ ကာကွယ်ဆေးတွေ့ပါက ပို၍လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်ဟု ပြောကြားခဲ့သည်။

လေ့လာချက်စစ်တမ်းများတွင်မူ အမေရိကန်နိုင်ငံသားအများစုသည် ကပ်ရောဂါနှင့်ပတ်သက်ပြီး ထရန့်၏ ကိုင်တွယ်ဖြေရှင်းပုံများအပေါ် သဘောတူညီမှု မရှိကြကြောင်း ဖော်ပြခဲ့သည်။

 


READ NEXT
Cancel OK