Top News

ဇေကမ္ဘာကုမ္ပဏီအား စည်းကမ်းလိုက်နာသောကုမ္ပဏီအဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ တည့်မတ်ရန် မကြိုးစားသည့်အပြင် ရှေ့နေချုပ်ရုံး သဘောထားမှတ်ချက်ကို လျစ်လျူရှုပြီး လုပ်ငန်းရှင်အလိုကျ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက အချိန်ဆွဲနေခြင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ငြိစွ
24htopnews | October 9, 2024 5:12 AM CST

ဇေကမ္ဘာကုမ္ပဏီအား စည်းကမ်းလိုက်နာသော ကုမ္ပဏီအဖြစ် လုပ်ထုံးလုပ်နည်းများ နှင့်အညီ တည့်မတ်ရန် မကြိုးစားသည့်အပြင် ရှေ့နေချုပ်ရုံးသဘောထားမှတ်ချက်ကို လျစ်လျူရှုပြီး လုပ်ငန်းရှင်အလိုကျ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းက အချိန်ဆွဲနေခြင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်ငြိစွန်းသည့်အတွက်  ဝန်ကြီးဌာနမှတာဝန်ရှိသူများအား အရေးယူဆောင်ရွက်သင့်ဟု မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်းက ဆွေးနွေးသည်။

နေပြည်တော်၌ ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များစိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများ နှင့် စပ်လျဉ်းသည့် အစီရင်ခံစာအားဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဇေကမ္ဘာကုမ္ပဏီတို့  ၈-၁၀-၂၀၁၃ ရက်တွင် စာချုပ်ချုပ်ဆိုသည့်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် စာချုပ်ပါစည်းကမ်းချက်များကို မလိုက်နာသော၊ ကတိမတည်သော လုပ်ငန်းရှင်ကို စာချုပ်ပါဖော်ပြချက်များကို အရေးယူဆောင်ရွက်ရန် ယနေ့အထိ သံသယဖြစ်ဖွယ် ပျက်ကွက်လျက်ရှိနေသည်မှာ ထင်ရှားလျက်ရှိနေပါတယ်။ ဇေကမ္ဘာကုမ္ပဏီကို စည်းကမ်းလိုက်နာသော ကုမ္ပဏီ ဖြစ်အောင် လုပ်ထုံးလုပ်နည်းကျင့်ဝတ်များနှင့်အညီ တည့်မတ်ရန်မကြိုးစား၊ ရှေ့နေချုပ်ရုံး သဘောထားမှတ်ချက်ကို လျစ်လျူရှုပြီးတော့ လုပ်ငန်းရှင်အလိုကျ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အချိန်ဆွဲနေသည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့် ငြိစွန်းနေပါတယ်။ နိုင်ငံတော်အစိုးရကိုယ်စား ချုပ်ဆိုထားတဲ့ စာချုပ်များကို လုပ်ငန်းရှင်များက အလုပ်ရရှိရေးလောက်သာ သဘောထားပြီး စာချုပ်ပါ ကတိကဝတ်ကို လုပ်ငန်းလုပ်ပိုင်ခွင့်ကို ရမည်ဆိုရင်ဖြင့် ကိုယ်လုပ်ချင်ရာ လုပ်မည်ဆိုသော ခံယူချက်များဖြင့်သာ ဆက်လက် လုပ်ကိုင်ကြမည်ဆိုရင် အစိုးရဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနက တာဝန်ရှိသူများကို အရေးယူဆောင်ရွက်သင့်ပါတယ်လို့ အကြံပေးပါတယ် ဟု ဦးလှဆန်းက ဆွေးနွေးသည်။

ဒီဇင်ဘာလ ၁၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ တင်သွင်းသော ကော်မတီ၏ အစီရင်ခံစာတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲ လမ်းပိုင်းကို ဘီအိုတီစနစ်ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဇေကမ္ဘာကုမ္ပဏီတို့ ချုပ်ဆိုထားမှုများနှင့်ပတ်သက်ပြီး ကွင်းဆင်းစိစစ်ခဲ့ကြောင်း၊ ကွမ်းခြံကုန်း-ဒေးဒရဲလမ်း ပိုင်း(၈/၀)မိုင်အား ၁၈ ပေအကျယ် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း မစတင်နိုင်သေးသည်ကို တွေ့ရကြောင်း၊ ပန်းလှိုင်ဂိတ်နှင့် ကံဘဲ့ဂိတ်တို့သည် ၂၀၁၅ခုနှစ်ကတည်းက ကောက်ယူရရှိထားသည့် စာရင်းများအရ နေ့စဉ်ယာဉ်အစီးရေ ၂ဝဝဝကျော်သွားလာ လျက်ရှိသော်လည်း စာချုပ်ပါဆောင်ရွက်ရမည့် စံချိန်စံညွှန်းများဖြစ်သည့် ၄၈ ပေ အကျယ်ကတ္တရာလမ်း တည်ဆောက်ပေးမှု မရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ကော်မတီ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ရက်တွင် လုပ်ငန်းအပြီးဆောင်ရွက်ရန် ဇေကမ္ဘာကုမ္ပဏီသို့ အကြောင်းကြားပြီးဖြစ်၍ ဒဏ်ကြေးငွေ ကောက်ခံရန် မပြုလုပ်တော့ကြောင်း စာချုပ်ပုဒ်မ ၁၉ ကို ကိုးကား၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့သည်ဟု စိစစ်သိရှိရကြောင်း၊ ကော်မတီမှ ကွင်းဆင်းစစ်ဆေးရာတွင် အောက်တိုဘာလ ၂၂ ရက် အထိ လုပ်ငန်းများမပြီးဆုံးသေးသဖြင့် စာချုပ်ပါအတိုင်း ဒဏ်ကြေးငွေများကို တွက်ချက် ကောက်ခံသင့်ပါကြောင်းနှင့် လုပ်ငန်း အပ်နှံသူတာဝန်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင် စာချုပ်ကို စည်းကမ်းချက်အတိုင်း လိုက်နာခြင်းမျိုးမရှိဘဲ ဆုံးဖြတ်ခြင်းမျိုး မပြုလုပ်သင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ပဋိဉာဉ်စာချုပ်ပါအရ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ(ကုမ္ပဏီ)သည် ခွင့် ပြုထားသော လမ်းအပိုင်းပေါ်ရှိ တံတားများ အားလုံး၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မိမိစရိတ်ဖြင့် အစဉ်ဆောင်ရွက်ရ မည်။ ပေ ၅၀ အောက်တံတားများကို ကိုယ် တိုင်တည်ဆောက်ရမည်ဟု အတိအလင်း ဖော်ပြချုပ်ဆိုထားပါလျက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဘတ်ဂျက်ဖြင့် တံတားတစ်စင်း၊ ချဥး်ကပ်လမ်း တစ်ခု၊ ကျပ် ၃၉၅ သန်းကို ၂၀၁၇-၂၀၁၈ ပြင်၊ ထိန်းရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခြင်း၊ ၂၀၁၈-၂၀၁၉ တွင် ပြင်၊ ထိန်းရန်ပုံငွေတောင်းခံ၍ တံတားနှစ်စင်း၊ ချဉ်းကပ်လမ်း နှစ်ခုအတွက် ကျပ် ၇၆၆ ဒသမ ၅၉၈ သန်း ထပ်မံတောင်းခံ ထားခြင်းသည် နိုင်ငံတော်ဘက်မှ များစွာ နစ်နာဆုံးရှုံးမှုရှိနေကြောင်း ကော်မတီ၏ အစီရင်ခံစာက ဆိုသည်။     

 

 


READ NEXT
Cancel OK