Top News

နှစ်နိုင်ငံ ပု​​​ဂ္ဂလိက ကုန်သည်အချင်းချင်းညှိနှိုင်းပြီး ပြောင်းတန်ချိန် တစ်သောင်းခွဲ အရောင်းအဝယ် စာချုပ်ဝယ်​ယူမှုကြောင်​့မန္တလေး​စျေးကွက်​တွင်​ ​ပြောင်​းဖူး​စေ့ ​စျေးနှုန်​း မြင်​့တက်​​နေ
24htopnews | October 9, 2024 4:12 AM CST

မူဆယ်မြို့တွင် ဒီဇင်ဘာလ ဒုတိယအပတ်က ယူနန်ပြည်နယ်မှ ကုန်သည်များနှင့် မြန်မာနိုင်ငံက ပုဂ္ဂလိကကုန်သည်တွေအချင်းချင်း ညှိနှိုင်းပြီး ပြောင်းတန်ချိန်တစ်သောင်းခွဲ၊ အရောင်းအဝယ် စာချုပ်ဝယ်ယူမူကြောင့် မန္တလေးစျေးကွက်တွင် ပြောင်းဖူးစေ့စျေးနှုန်း မြင့်တက်​​နေသည်ဟု မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်

လွန်ခဲ့တဲ့ သုံးလကတည်းက တရုတ်ပြည်ဘက်က နယ်စပ်အဝယ်တွေက ကျွန်တော်တို့နှောင့်နှေး ရပ်ဆိုင်းသွားတဲ့အတွက် ပြောင်းတောင်သူတွေ ပြောင်းလှောင်သူတွေ အခက်အခဲတွေ ဖြစ်ခဲ့တယ်။ ပြောင်းစျေးက ကျွန်တော်တို့ ပထမက ကျပ် ၃၄၀၀၀ ကနေ ကျသွားတယ်။ ပြောင်းက ကျပ် ၂၁၀၀၀ အထိ အနိမ့်ဆုံးစျေးအထိ ရောက်သွားတယ်။ အနိမ့်ဆုံး စျေးရောက်သွားတော့ အခက်အခဲတွေ တချို့ပြောင်းတွေကို မရိတ်ဘဲနဲ့ ဒီအတိုင်း ပစ်ထားတယ်ပေါ့လေ။ တက်နိုးတက်နိုးနဲ့ပေါ့လေ။ ပြောင်းအပင်တွေပေါ်မှာ ဒီတိုင်း ပြောင်းအဖူးအထိ ဒီအတိုင်း ရှမ်းပြည်နယ်မှာ စောင့်စားခဲ့တဲ့ဟာတွေ ရှိတယ်။ အဲဒီလိုစောင့်စားခဲ့တဲ့အတွက် မထင်မှတ်ဘဲနဲ့ မိုးဒဏ်တွေ ခံခဲ့ရတဲ့အတွက် အပျက်အစီးတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်။ အခုကျွန်တော်တို့ ဒီဇင်ဘာ ၁၅ ရက်က မူဆယ်မှာ ဟိုဘက်က ယူနန်ပြည်နယ်က ကုန်သည်နဲ့မြန်မာပြည်က ပုဂ္ဂလိကကုန်သည်တွေ အချင်းချင်း ညှိနှိုင်းပြီးတော့  Government to Government မဟုတ်ဘူး။ ဒီ ပုဂ္ဂလိက ကုန်သည်အချင်းချင်း ညှိနှိုင်းပြီးတော့ ပြောင်းတန်ချိန် တစ်သောင်းခွဲ၊ ဆန်တန်ချိန် တစ်သောင်းခွဲ အရောင်းအဝယ် စာချုပ်ချုပ်လိုက်တယ်။ အဲဒီစာချုပ် ချုပ်လိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ယခင်ကလည်း ပုဂ္ဂလိကအချင်းချင်း offical ချုပ်တာ တစ်ခါမက ဒီလိုမျိုးမရှိခဲ့ဘူး။ အခုလိုမျိုး ချုပ်လိုက်တဲ့အတွက်ကြောင့် ကောင်းတဲ့အလားအလာ တစ်ခုလို့ ကျွန်တော်တို့ ပြောကြားလို့ရပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့် ပြောင်းစျေးကွက်ဟာ မန္တလေးစျေးကွက်မှာ ကျပ် ၂၁၀၀၀ ကနေ ဒီလေးရက်လောက်အတွင်း ကျွန်တော်တို့ မန္တလေး ပြောင်းစျေးက နှစ်သောင်းခွဲအထိ ဖြစ်ပေါ်လာပါတယ်။ ဒီလိုမျိုး အလားအလာကောင်းလာရင် ကျွန်တော်တို့ မြန်မာပြည်ထဲမှာ မတင်ပို့ရသေးတဲ့ ပြည့်ကျက်နေတဲ့ ဂိုဒေါင်ထဲမှာ ရှိနေတဲ့ပြောင်းတွေ အလားအလာက ကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ ဒီလိုပဲ ရာသီဥတုအနေနဲ့ကလည်း ညီညွတ်မျှတတဲ့အတွက် ပြောင်းအထွက်ကလည်း မလျော့ဘူး။ တချို့ဆိုရင် ကျွန်တော်တို့ ဒေသတွေမှာဆိုရင် ထင်သာထက်အောင် ပိုပြီးပြောင်းဖူးစေ့ထွက်တဲ့ဒေသ တွေလည်းရှိပါတယ်။ ဥပမာရှမ်းပြည်နယ် တောင်ပိုင်းတို့ဆိုရင် ပိုပြီးတော့ ဒီနှစ်ဒေသထွက်ကုန်အနေနဲ့ ပိုမိုပြီးတော့ စိုက်ပျိုးပြီး တော့ ထွက်ရှိလာတာ တွေ့ရပါတယ် ဟု ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ဆိုသည်

အထွက်တိုးပြောင်း (နှံစားပြောင်း) သည် ယခင်​​၂၀၁၆ နှစ် ဒီဇင်ဘာလတွင် အထွက်တိုးပြောင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀ သာ စျေးရှိပြီး နောက်ဆုံး ၀ါဆို၀ါခေါင်လများ၌ ပစ္စည်း ပြတ်လပ်သည့် အချိန်တွင် ငွေကျပ် ၄၅၀၀၀ ထိ စျေးမြင့်တက်လာကြောင်း၊ ယမန်နှစ်က အထွက်တိုးပြောင်း အဖွင့်စျေးမှာ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀ အဖွင့်စျေးရှိခဲ့ပြီး ယခုနှစ် အထွက်တိုးပြောင်း စျေးနှုန်းမှာ ၃၈၀၀၀ မှ ၄၀၀၀၀ အထိ စျေးရောက်ခဲ့ပြီးနောက် လက်ရှိစျေး ၃၈၀၀၀ စျေး ဖြစ်​​နေပြီး ကုန်သည်များက ရသလောက် ဝယ်ယူနေကြောင်း သိရသည်

ယခင်က မြန်မာနိုင်ငံတွင် နှံစားပြောင်းကို အဖြူ၊ အဝါနှင့် အနက်ဟူ၍ အရောင်သုံးမျိုးခွဲခြား၍ စိုက်ပျိုးခဲ့ကြပြီး နှံစားပြောင်း (အဖြူ)ကို စားသုံးရန်အတွက်လည်းကောင်း၊ အဝါနှင့် အနက်ကို တိရစ္ဆာန်အစာဖြင့်လည်းကောင်း အသုံးပြုခဲ့ကြသည်။ အထွက်တိုးပြောင်းကို ကျောက်ဆည်၊ မြင်းမူ၊ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ မကွေးတစ်ဝိုက် စိုက်ပျိုးကြပြီး  မြင်းခြံ၊ ကျောက်ဆည်၊ မုံရွာဒေသများတွင် အဓိက စိုက်ပျိုး ကြကြောင်း၊ ယင်းအထွက်တိုးပြောင်းမှာ မတ်ပဲ၊ ပဲစင်းငုံးသီးနှံများလို တစ်နှစ်ကို တစ်ခါသာ စိုက်ပျိုးလို့ရသည့် သီးနှံဖြစ် ကြောင်း သိရသည်။       

 

 

 


READ NEXT
Cancel OK