Top News

မြောင်းမြ အခွန်လွတ်စျေး နေရာပြောင်းရွှေ့ရာတွင် ကြုံတွေ့လာရမည့် အခက်အခဲများနှင့် ပတ်သက်၍ ကူညီ ဆောင်ရွက်ပေးပါရန် စျေးသူစျေးသားများက အသနားခံစာ တင်ပြ
24htopnews | October 9, 2024 4:12 AM CST

မြောင်းမြမြို့ အမှတ်(၁၀)ရပ်ကွက်တွင် လွန်ခဲ့သောနှစ်၂ဝနီးပါးက ဖွင့်လှစ်ထားခဲ့သည့် အခွန်လွတ်စျေးအားနေရာပြောင်းရွှေ့ချထားရန် အစိုးရအဖွဲ့မှစီမံဆောင်ရွက်နေမှုအပေါ် စျေးပြောင်းရွှေ့ရာတွင် ကြုံတွေ့လာရ မည့်အခက်အခဲများနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးပါရန် စျေးသူစျေးသားများက အစိုးရအဖွဲ့ထံ အသနားခံစာတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလတွင် ထိုအချိန်က အခွန်လွတ်စျေးများဖွင့်လှစ်ရန်ဟု ဆိုကာ မြို့ပေါ်ရှိ နေရှင်နယ်စျေး၊ ဂုန်နီစက်ရုံ စျေးစသည့်စျေးအသီးသီးမှ စျေးသည်များကို လက်ရှိအခွန်လွတ်စျေးနေရာသို့ မပြောင်း မနေရပြောင်းရွှေ့ စျေးရောင်းချစေခဲ့ကြောင်း၊ စတင်ဖွင့်လှစ်ချိန်တွင် စျေးဆိုင်ခန်းပေါင်း ၂၃၅ ဆိုင်ဖြင့် ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် အခွန်စျေးတွင် စျေးဆိုင်ခန်းပေါင်း ၂၅၈ ဆိုင်၊ ထပ်တိုးဆိုင်ခန်းပေါင်း ၄၀၀ ကျော် နှင့် ခေါင်းရွက်ဗျပ်ထိုး စျေးသည်ပေါင်း ၁၀၀ ကျော်ထိရှိကြောင်း၊ စျေးစည်ကားလာချိန်တွင် လက်ရှိစျေးတည်ထားသည့်နေရာမှာ ရဲတပ်ဖွဲ့ပိုင် နယ်မြေဖြစ်သောကြောင့် ရဲတပ်ဖွဲ့မှ လိုအပ်သည့် လေ့ကျင့်ရေးသင်တန်းကျောင်းများ ဆောက်လုပ်ရန်အတွက်ဟုဆိုကာ အခွန်စျေးအား နေရာပြောင်းရွှေ့ပေးနိုင်ရန် အစိုးရအဖွဲ့မှ စီစဉ်နေပြီး ယခင်နေရှင်နယ်စျေးဟောင်းနေရာသို့ ပြန်လည်နေရာချထားရန် စီမံဆောင် ရွက်နေမှုကြောင့် စျေးသူစျေးသားများမှာ စိုးရိမ်မှုများဖြစ်ပေါ်နေကြပြီး လက်ရှိစျေးနေရာတွင် သတ်မှတ်ထားသောဥပဒေများနှင့်အညီ ဆက်လက်စျေးရောင်းချခွင့်ပေးပါရန်၊ ဆက်လက် ရောင်းချခွင့်မပြုပါက လက်ရှိစျေးနေ ရာနှင့်နီးကပ်ပြီး မြေလွတ်များစွာကျန်ရှိနေသေးသော စျေးတည်ရာနေရာ၏ ဘေးတစ်ဖက်တစ်ချက်သို့ ပြောင်းရွှေ့ချထားပေးပါရန် နှင့် လက်ရှိစျေးတည်နေရာ မြေနေရာမှ မဖြစ်မနေ ရွှေ့ပြောင်းရပါက အစိုးရမှ လက်ရှိသတ်မှတ်ထားသည့်စျေးနေရာဖြစ်သည့် အမျိုးသားစျေးနေရာဟောင်းမှ မြေနေရာကျဉ်းသောကြောင့် အခွန်လွတ်စျေးသူစျေးသားများအားလုံး စျေးရောင်းချနိုင်သည့်နေရာ တစ်ခုသို့ ရွှေ့ပြောင်းပေးပါရန် အစိုးရအဖွဲ့ထံ အသနားခံတင်ပြခဲ့ကြောင်း သိရသည်။

စျေးမှာ စျေးရောင်းလာတာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီ။ နေရှင်နယ်စျေးကနေပြောင်းလာရတာ အဲဒီတုန်းက ခယကကြီးတွေက ဒီစျေးကိုရွှေ့ပါဆိုပြီး အတင်းရွှေ့ခိုင်းလို့ ရွှေ့လာရတာ။ နေရှင်နယ်စျေးမှာစျေးရောင်းတာကို လက်မခံဘူး။ လမ်းဘေးရောင်းတော့ လမ်းဘေးက ပစ္စည်းတွေလိုက်သိမ်းတယ်။ ဒီစျေးမှာ မရောင်းရင်ပစ္စည်းတွေ သိမ်းမယ်ဆိုလို့ ရွှေ့ရတယ်။ ရွှေ့လာတဲ့အချိန်တုန်းကရွှံ့ဗွက်တွေ ဆိုတာ ဒူးခေါင်းမြုပ်တယ်။ အဲဒီကနေပြီးတော့ မျှော့တွေ တွယ်ဘာတွေတွယ်ကနေပြီး ကိုယ့်ဘာသာဆိုင်ခန်းတွေ ပြင်ပြီးတော့ ရောင်းချတာ အခုထိပဲ။ အဲဒီတုန်းကအရှုံးခံရောင်းပေးခဲ့ရတာ။ အခုအခြေကျနေတော့မှ စျေးကိုရွှေ့မယ်ပြောင်းမယ်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။ တကယ်လို့ရွှေ့မယ်ဆိုရင် လည်း ဒီစျေးသူစျေးသားအားလုံး ရောင်းချလို့ရမယ့် နေရာလောက်ကိုပဲရွှေ့ပေးပါ။ တကွဲတပြားစီတော့ရွှေ့လို့မဖြစ်ဘူးပေါ့နော်။ တစ် နေ့လုပ်မှ တစ်နေ့စား ဒီနေ့ရောင်းမှ ဒီနေ့စားရတဲ့ လက်လုပ်လက်စားလေးတွေ ချည်းပဲပေါ့နော်။ ဒီစျေးမှာပဲ ရောင်းချင်တယ်ပေါ့နော် ဟု စျေးသူစျေးသားတစ်ဦးဖြစ်သူ ဒေါ်မြအေးက ပြောကြားသည်။

အခွန်လွတ်စျေးအား၂၀၀၀ ပြည့်နှစ်တွင် ထိုအချိန်က  အာဏာရအစိုးရမှ စျေးအဖြစ် စတင်တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး ၂ဝဝရခုနှစ်တွင် စျေးကိုပြန်လည်ပြင်ဆင်ကာ  ခြောက်ပေပတ်လည် ဆိုင်ခန်းတစ်ခန်း လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် စျေးသူစျေးသားများအား ရောင်းချတည်ဆောက်ပေးခဲ့ကြောင်း သိရသည်။        

 

 


READ NEXT
Cancel OK