Top News

အသက်မွေးဝမ်းကျောင်း ပညာရေးကို အားပေးကြရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့်  ပြည်သူများနှင့် မကြာခဏတွေ့ဆုံရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား 
24htopnews | October 7, 2024 3:12 PM CST

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၂ ရက် နံနက်က ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟားခါးလေးကျေးရွာ ဒေသခံများ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဒေသခံများနှင့် နှစ်နေရာတွင် တွေ့ဆုံခဲ့ပြီး အသက်မွေးဝမ်းကျောင်း ပညာရေးကို အားပေးရန်နှင့် ပြည်နယ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် ပြည်သူများနှင့် မကြာခဏတွေ့ဆုံရန် ပြောကြားခဲ့သည်ဟု သိရသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများနှင့် တွေ့ဆုံစဉ် အမျိုးသမီးငယ်တစ်ဦးက တက္ကသိုလ်များမှ ဘွဲ့ရပြီး အလုပ်အကိုင် မရရှိခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ဖြေကြားရာတွင် “တက္ကသိုလ် ဘွဲ့ရပြီး အလုပ်မရတာကို ဆိုလိုတာလား။ ကျွန်မတို့ နိုင်ငံမှာ အကြီးမားဆုံး ပြဿနာကြီးပါ။ အားလုံးသိတဲ့အတိုင်း ဘွဲ့ရ အလုပ်လက်မဲ့တွေဆိုတာ ကျွန်မတို့နိုင်ငံမှာ တော်တော်များပါတယ်။ ပညာရေးစနစ်ကို ပြောင်းလဲချင်တယ် ဆိုတာကလည်း အဲဒါလည်း ပါပါတယ်။ နံပါတ် (၁) အချက်က တက္ကသိုလ်ဘွဲ့ရမှ ပညာတတ်တာ မဟုတ်ဘူးဆိုတာ ကျွန်မတို့ ပြည်သူပြည်သားတွေ နားလည်စေချင်တယ်။ တစ်ကမ္ဘာလုံးမှာ အဲဒီလို သဘောပေါက်နေတာ။ ကျွန်မတို့ အသက်မွေးဝမ်းကျောင်း ပညာရေးကို အားပေးနေတာ ဖြစ်ပါတယ်။ တချို့က ဘယ်လိုထင်နေသလဲ ဆိုတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားတယ်ဆိုတာ တက္ကသိုလ်ပညာရေး သင်ကြားတာထက် ပိုပြီး နိမ့်ကျတယ်လို့ ထင်ပါတယ်။ မနိမ့်ကျပါဘူး။ မတူတဲ့ ပညာရေးစနစ် နှစ်ခုလို့ ပြောရမှာပါ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတွေမှာ အသက်မွေးဝမ်းကျောင်း ပညာသင်ရေးနဲ့ တက္ကသိုလ်ပညာသင်ကြားရေး နှစ်ခုစလုံး အရေးပါပါတယ်။ တချို့နိုင်ငံတွေမှာ အသက်မွေးဝမ်းကျောင်းပညာရေးက ပိုအလေးသာပါတယ် ။ အခုချိန်မှာဆိုရင် ကလေးတွေက နေပြီးတော့ ဘွဲ့ရလာပြီးတော့ ဒီဘွဲ့ကြီးနဲ့ ဘာမှ လုပ်စရာမရှိဘူး ဖြစ်နေတာဟာ အဲဒါကို ပြန်ပြီးတော့ အရည်အချင်းတွေ မြှင့်တင်ရေးအတွက် ကြိုးစားလုပ်ပေးနေပါတယ်။ နှစ်ပေါင်းများစွာ စာသင်ပြီးမှ၊ ဘွဲ့ရပြီးမှ အလုပ်တောင်ရနိုင်တဲ့ အနေအထား မရှိဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ဒါတွေ ပြန်ပြီး ပြုပြင်ဖို့အတွက် ကျွန်မတို့ ပြည်သူ ပြည်သားတွေ အလုပ်အကိုင်ရရှိရေးအတွက် လုပ်နေသလို အသက်မွေးဝမ်းကျောင်းပညာ အားပေးဖို့ လှုံ့ဆော်ချင်ပါတယ်။ တက္ကသိုလ်တက် မှ ပညာတတ်တာ မဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်းပညာ သွားမယ်ဆိုရင် ကိုယ့်ပညာ ရေး ပြီးဆုံးတာနဲ့ အလုပ်အကိုင်ရရှိဖို့ အလားအလာ အင်မတန်မှ များပါတယ်။ အရင်တုန်းက ပညာရေးစနစ် အားနည်းချက်တွေကြောင့်မို့လို့ ချက်ချင်း အလုပ်မရနိုင်ဘူးဆိုတာ စိတ်မကောင်းပါဘူး။ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲဖို့အတွက် ကြိုးစားနေပါတယ်။ နေ့ချင်းညချင်းတော့ ရနိုင်မယ် မဟုတ်ပါဘူး။ ဆက်လက်ကြိုးစားပါ။ အိမ်မှာ ဘာမှမလုပ်ဘဲ ထိုင်မနေပါနဲ့။ တစ်ခုခုတော့လုပ်ပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည် ။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၀ ရက် နံနက်တွင် ကလေးမြို့သို့ လေကြောင်းခရီးဖြင့် လာရောက်ခဲ့ပြီး  ကလေးမြို့မှ တစ်ဆင့် ရဟတ်ယာဉ်ဖြင့် ချင်းပြည်နယ် မြောက်ပိုင်းရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ ရိခေါရ်ဒါမြို့များသို့ နှစ်ရက်ကြာ သွားရောက်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဇန်နဝါရီ ၂၂ ရက် နံနက်တွင် ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟားခါးလေး (တောင် ၊ မြောက်) ကျေးရွာများသို့ သွားရောက်ခဲ့ပြီး  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မြို့တော်ခန်းမတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည် ။ 

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရများ အနေဖြင့် ဒေသခံပြည်သူများနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း ပြောကြားခဲ့သည် ။ 

“ကိုယ့်ရဲ့ပြည်နယ်၊ တိုင်းထဲက ပြည်သူလူထုနဲ့ မကြာခဏ တွေ့ဆုံပွဲတွေ လုပ်ပါ။ ဝန်ကြီးတိုင်း ဝန်ကြီးတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ့်ရဲ့ ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကို ပြည်သူလူထုနဲ့ မကြာခဏ နယ်လှည့်ပြီး ဆွေးနွေးပါ။ ဒူးတိုက်ဆွေးနွေးပွဲတွေ လုပ်ပါ။ ဒူးတိုက် ဆွေးနွေးပွဲတွေဆို ဘယ်တော့မှ ခေတ်မကုန်ပါဘူး ။ ဒူးမတိုက်ဘဲနဲ့ ကုလားထိုင်ပေါ် ထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ပြီးတော့ ဆွေးနွေးတယ်ဆိုရင် လည်း ဆွေးနွေးပါ။ ဆွေးနွေးပြီးတော့မှ ဒီဟာတွေကို ရှင်းပြပါ ။ ခက်ခက်ခဲခဲ ရှင်းပြရမယ့် ဟာတွေလည်း မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

ကလေးမြို့ရှိ ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ကလေးခရိုင်အတွင်းရှိ ပြည်သူများ၏ တင်ပြချက်ကို ဝန်ကြီးဌာနက ပြန်လည် ဖြေကြားသည့် စာရွက်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ပြန်လည် ဖြေကြားပေးသည့် အစီအစဉ်တွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည် ။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထု နှင့် တွေ့ဆုံပွဲကို ကလေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူများ တိုင်ကြားနိုင်ရန်အတွက် တိုင်ကြားစာ လက်ခံသည့်ဌာန ဖွင့်လှစ်ခဲ့ရာ တိုင်စာပေါင်း ၆၀ ခန့် ရရှိခဲ့သည်ဟု သိရသည် ။ “တိုင်စာအနေနဲ့ ရတာကတော့ အစောင် ၆၀ လောက်တော့ ရပါတယ် ။ ဒါပေမဲ့ ဥပမာ တချို့က တစ်ယောက်တည်းအနေနဲ့ ၁၀ စောင်လောက် တိုင်တယ်ဆိုရင်လည်း တစ်စောင်ဆိုပြီး မှတ်ထားရတယ် ။  အစောင်အနေနဲ့ ပြောမယ်ဆိုရင်တော့ အစောင် ၈၀ လောက် ရှိမယ် ထင်ပါတယ် ။ ဒီစာတွေ အားလုံးကို နိုင်ငံတော် အတိုင်ပင်ခံနဲ့အတူ ထည့်ပေးလိုက်မှာပါ”ဟု တိုင်ကြားစာ လက်ခံရာဌာနမှ တာဝန်ရှိသူက ဆိုသည်။    


READ NEXT
Cancel OK