Top News

ယခင်အစိုးရလက်ထက်၌ ပြည်တွင်းထုတ်ကုန်များကို အားပေးခြင်းမရှိဘဲ သွင်းကုန်သာဦးစားပေးခဲ့သဖြင့် နစကအနေဖြင့် စီပွားရေးပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
24htopnews | October 7, 2024 12:12 PM CST

ယခင်အစိုးရလက်ထက်၌ ပြည်တွင်းထုတ်ကုန်များကို အားပေးခြင်းမရှိဘဲ သွင်းကုန် ဦးစားပေးခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီပွားရေးပြန်လည် ဦးမော့လာစေရန် ကြိုးပမ်းနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇူလိုင် ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။

မိမိတို့နိုင်ငံသည် ၂၀၁၈ ခုနှစ်ကတည်းက စီးပွားရေးကျဆင်းခဲ့ခြင်းကို စာရင်းဇယား အချက်အလက်များကိုကြည့်ခြင်းဖြင့် သိရှိနိုင်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းထုတ်ကုန်များ အားပေးမှုမရှိခဲ့ကြောင်း၊ သွင်းကုန်သာ ဦးစားပေးခဲ့ကြောင်း၊ နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေး မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစီးပွားရေးကို အဓိကအားပေးရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့်အစိုးရလက်ထက်များဖြစ်သည့် လမ်းစဉ်ပါတီခေတ်တွင် ပြည်တွင်း စီးပွားရေးအားပေးခဲ့ကြောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင်ငွေကြေးအခက်အခဲများကြောင့် Import First ဖြင့်ဆောင်ရွက်ခဲ့ပြီး စျေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်ခဲ့ကြောင်း၊ ယခုအချိန်တွင်မိမိတို့အနေဖြင့် ပြည်တွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များအရည်အသွေး ကောင်းမွန်ရန်နှင့် ကုန်ထုတ်လုပ်မှုများ အားကောင်းအောင် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အတူ ကိုဗစ်ကြောင့် ကျဆင်းသွားသည့် စီးပွားရေးကိုကုစားနိုင်ရန် ကျပ်ဘီလျံ ၄၀၀ မတည်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Quick Win ဖြစ် စေမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်သည့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများကို ဒုတိယဦးစားပေးအနေဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်လုပ်ငန်းသည် အများနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သဖြင့် ပြည်သူအများစုအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊   အဆိုပါလုပ်ငန်းများ အောင်မြင်လာမည်ဆိုပါက ကုန်ထုတ်လုပ်မှုအပေါ်အခြေခံသည့် စီးပွားရေးကို ခိုင်မာအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အလားတူ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်၍ ပြန်လည်စိစစ်ကြည့်ရာ နယ်စပ်စခန်းများမှ တင်ပို့မှုတွင် အစိုးရနှင့်ပုဂ္ဂလိကအနေ ဖြင့် ၈ ဘီလျံကျော်ခန့်ရှိပြီး အစိုးရမှ တင်ပို့မှုက  ပုဂ္ဂလိကတင်ပို့မှုထက်များနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် SME လုပ်ငန်းများကို အားပေးရန်အတွက် လိုအပ်နေသေးသည်ကို တွေ့ရှိရကြောင်း၊ ပို့ကုန်တစ်ခုတည်းဖြင့်ရပ်တည်၍မရဘဲ Non Trade များဖြင့်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် နိုင်ငံခြားငွေ သုံးစွဲမှုများရှိသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း နိုင်ငံခြားငွေသုံးစွဲမှုများလည်းရှိကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေရရှိရေးအတွက် ကုန်သွယ်မှုတစ်ခုတည်းတွင် မှီခိုနေ၍မရကြောင်း၊ မိမိတို့နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားငွေများရရှိရေး ဝန်ကြီးဌာနများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။


READ NEXT
Cancel OK