Top News

မြစ်ဆုံနှင့်ပတ်သက်၍ မကြာမီ အဖြေပေါ်လာလိမ့်မည်ဖြစ်ပြီး၏ ပြည်သူနှင့် ဆန့်ကျင်သောအလုပ် မလုပ်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ ( ၂ ) ဒေါက်တာဇော်မြင့်မောင် ပြောကြား
24htopnews | October 6, 2024 7:12 PM CST

မြစ်ဆုံနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင် ထပ်မံဖွဲ့စည်းကာ စိစစ်လေ့လာနေရာ မကြာမီ အဖြေပေါ်လာလိမ့် မည်ဖြစ်ပြီး NLD ပါတီအနေဖြင့် ပြည်သူနှင့်ဆန့်ကျင်သော အလုပ်မလုပ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)  ပါတီ ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

NLD ပါတီတာဝန်ရှိသူများသည် ဇန်နဝါရီ ၁၈ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ၊  တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ ရွှေတြိဂံဒေသသတင်းလွှာ သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဒေါက်တာ ဇော်မြင့်မောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပါတီက ရှင်းရှင်းလေးပဲ။ ပြည်သူ့အကျိုးကိုပဲ ရှေးရှုတယ်။ ပြည်သူနဲ့ တစ်သဘောထားတည်းဖြစ်အောင် ရပ်တည်ထားတယ်။ အဲ့ဒီမူအပေါ်မှာပဲ ရပ်တည်ထားတာ အခုထက်ထိပဲ။ ပြည်သူကို ရှေးရှုတယ်။ ပြည်သူ့အကျိုးပဲ လုပ်တယ်။ ပြည်သူနဲ့ ဆန့်ကျင်တဲ့ အလုပ် မလုပ်ဘူး။ မြစ်ဆုံနဲ့ပတ်သက်လို့ရှိရင် ကိုယ်ပြောလိုက်မယ်။ စုံစမ်းရေးကော်မရှင်ထပ်ဖွဲ့ပြီးတော့ စိစစ်ထားတယ်။ ဘာစာချုပ်မှ ကိုယ်တို့ မဖတ်ခဲ့ရဘူး။ ဘာမှ မသိခဲ့ရဘူး။ အဲဒီလိုကော်မရှင်ဖွဲ့ပြီးတော့ စိစစ်လေ့လာနေတာ။ပြီးခါနီးနေပြီ။ အဖြေပေါ်လာလိမ့်မယ်။ ဒါပေမဲ့ ပြည်သူကိုပဲ မျက်နှာမူတယ်။ ပြည်သူ့အကျိုးကို ကြည့်တယ်”ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားခရီးစဉ် ကချင်ပြည်နယ်ခရီးစဉ်မှာ ပြောခဲ့တဲ့ စကားလုံးလည်း ခင်ဗျားတို့ ကြားမှာပါ။ ဘယ်လိုပဲ သတင်းထွက်ထွက်ပါ။ NLD ဟာ ပြည်သူနဲ့ တစ်သားတည်းပဲ ရှိတယ်”ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်းပြဿနာအား မဖြေရှင်းဘဲ အချိန်ဆွဲမည်ဆိုပါက တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ယုံကြည်စိတ်ကို ဆိုးရွားစွာထိခိုက်နိုင်ကြောင်း နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အား အရေးတကြီး လိုအပ်ကြောင်း ၊ လက်ရှိတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၌ ရင်ဆိုင်နေရသည့် အခက်အခဲတစ်ခုမှာ ခုနစ်နှစ်ကြာ ရပ်ဆိုင်းခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်းပြဿနာနှင့်စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့် သင့်လျော်ပြေလည်သည့် အဖြေကို အမြန်ဆုံး ရှာဖွေနိုင်ရန် အစွမ်းကုန် ကြိုးစားအားထုတ်နေပါကြောင်း၊ အထက်ပါလုပ်ငန်းဆောင်ရွက်ရာတွင် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများအားလုံး၏ထောက်ခံမှု ရရှိနိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောကြားကြောင်း ဇန်နဝါရီ ၁၃ ရက် တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK