Top News

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် ယူရိုသန်း ၁၀၀ နှင့် ထိုက်တန်သည့်ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသေးကြောင်း ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်း ဝေဖန်
24htopnews | October 6, 2024 4:12 PM CST

 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်း က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် ၎င်း၏ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နှင့် ထိုက်တန်သည့်ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသေးကြောင်း ဝေဖန်ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၂၃ နွေရာသီတွင် စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းအား ဘွန်ဒစ်လီဂါစံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဘာစီလိုနာအသင်း ထံသို့ ပြောင်းရွှေ့သွားခဲ့သည့် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီး၏နေရာတွင် အစားထိုးရန်အတွက် ဟာရီကိန်းကို စျေးကြီးပေးခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဟာရီကိန်းအနေဖြင့်လည်း စံချိန်တင်ဂိုးသွင်းယူနိုင်ခဲ့သည်။ 

ဟာရီကိန်း သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါ ၃၂ ပွဲတွင် ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပြိုင်ပွဲစုံ ၄၅ ပွဲတွင် ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် ဟာရီကိန်းအနေဖြင့် ပြီးခဲ့သည့် ရာသီက ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းမှာမူ နောက်ဆုံး ၁၂ ရာသီအတွင်း ပထမဆုံးဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ခဲ့ရသည်။ 

အသက် ၃၁ နှစ်အရွယ်ရှိ ဟာရီကိန်း သည် ယခုရာသီတွင်လည်း ဘိုင်ယန်မြူးနစ် အသင်းအတွက် ပြိုင်ပွဲစုံ ရှစ်ပွဲတွင် ၁၀ ဂိုးအထိ သွင်းယူပေးထားသည်။ သို့သော် ဟာရီကိန်းအနေဖြင့် လေဗာကူဆင်နှင့် သရေကျခဲ့သည့် ဘွန်ဒစ်လီဂါပွဲနှင့် အက်စတွန်ဗီလာ အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။ ယခုအခါ ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်းက ဘိုင် ယန်မြူးနစ်အသင်းအနေဖြင့် ဟာရီကိန်းအား ယူရိုသန်း ၁၀၀ ပေးပြီး ဝယ်ယူခဲ့ခြင်းမှာ အသင်းငယ်များကို ဟက်ထရစ်သွင်းရန်မဟုတ်ဘဲ ပွဲကြီးများတွင် ခြေစွမ်းပြနိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဟာမန်းက "အက်စတွန်ဗီလာနဲ့ပွဲမှာ  ဟာရီကိန်း ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ယူရိုပြိုင်ပွဲပြီးတုန်းက ဟာရီကိန်းအနေနဲ့  ဒီရာသီမှာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ထိုက်တန်ကြောင်း သက်သေပြရမယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဟာရီကိန်းအနေနဲ့ ပြီးခဲ့ တဲ့ရာသီက ဘိုင်ယန်မြူးနစ်မှာ စံချိန်တင်ဂိုးတွေ သွင်းခဲ့ပေမဲ့ မလုံလောက်ပါဘူး။ ဘိုင် ယန်မြူးနစ်အသင်းက သူ့ကို ယူရိုသန်း ၁၀၀ ပေးပြီးခေါ်ယူခဲ့တာဟာ ဒမ်းစတက်ဒ်အသင်း ကို ဟက်ထရစ်သွင်းဖို့အတွက် မဟုတ်ပါဘူး။ လေဗာကူဆင်၊ အက်စတွန်ဗီလာတို့နဲ့ ကစားတဲ့ပွဲစဉ်တွေမှာ ဂိုးသွင်းဖို့နဲ့ ချန်ပီယံလိဂ် အရေးကြီးပွဲစဉ်တွေမှာ ဂိုးသွင်းဖို့အတွက် ဖြစ်ပါတယ်။ ဟာရီကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ အခုထိ အဲဒီအလုပ်ကိုမလုပ်နိုင်သေးပါဘူး"ဟု ပြောကြားခဲ့သည်။ 

ဟာရီကိန်း သည် ပြီးခဲ့သည့်ရာသီကလည်း အရေးကြီးပွဲစဉ်များတွင်ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရဖူးကြောင်း သိရသည်။


READ NEXT
Cancel OK