Top News

ရှမ်း/တောင် မောက်မယ်မြို့နယ်တွင် တတိယအကျော့ ရေကြီးပြန်
24htopnews | October 6, 2024 2:12 PM CST

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် နမ့်ယွန်းချောင်းရေ ထပ်မံမြင့်တက်လာမှုကြောင့် ယနေ့ အောက်တိုဘာ (၆)ရက် နံနက်ပိုင်းတွင် မြို့တွင်းရပ်ကွက်အချို့နှင့် ချောင်းနဘေး အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံ ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

ယမန်နေ့ ညပိုင်းက ဒေသတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့်အတူ နမ့်ယွမ်းချောင်း ပြန်လည်မြင့်တက်ပြီး ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။

“ညက မိုးတအားသည်းတော့ အခု ရေကြီးပြန်ပြီ။ အနိမ့်ပိုင်းရပ်ကွက်ကသူတွေ မနေ့နေ့လည်ကမှ ရေပြန်ကျသွားလို့ဆိုပြီး အိမ်ပြန်နေကြတုန်းရှိသေး အခုရေပြန်ကြီးတာ။ ပြန်ရွှေ့ရမှာပေါ့။ အနိမ့်ပိုင်းရပ်ကွက်မှာ ရင်ဘက်လောက်အထိ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရှိ မွေတော်ရပ်ကွက်၊ ဈေးတန်းအနိမ့်ပိုင်းရပ်ကွက်နှင့် နမ့်ယွမ်းချောင်းဘေးရှိ ကုန်းလမ်းရပ်ကွက်၊ ဆီဆုံရပ်ကွက်တို့၌ ရေဝင်ရောက်မှုများရှိကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့်စက်တင်ဘာလ(၁၀)ရက်နှင့် အောက်တိုဘာလ(၂)ရက်‌နေ့ ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သေးကာ မြို့တွင်း သစ်သားတံတား (၃) စင်း ရေထဲမျောပါသွားသလို စိုက်ခင်းများလည်း ရေလွမ်းမိုးမှုကြောင့် ပျက်စီး ဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။

နမ့်ယွန်းချောင်းရေသည် မိုးသည်းထန်ရွာသွန်းပါက တောင်ကျချောင်းရေနှင့်ပေါင်းကာ မြင့်တက်လေ့ရှိပြီး၊ ယခု မောက်မယ်မြို့ရေကြီရေလျှံခြင်းသည် တတိယအကျော့ ဖြစ်သည်ဟု ဒေသခံများထံကသိရသည်။

ပုံစာ-မောက်မယ်မြို့တွင် ယနေ့ နံနက်ပိုင်းရေကြီးရေလျှံဖြစ်ပွားနေစဉ်


READ NEXT
Cancel OK