Top News

တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်ငါးဖမ်းသမားများအား တိုက်ခိုက်ခဲ့သည့် တရုတ်ကို ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဝေဖန်
24htopnews | October 4, 2024 12:12 AM CST

တောင်တရုတ်ပင်လယ်အတွ်း ဗီယက်နမ်ငါးဖမ်းသမားများကို တိုက်ခိုက်သည့် တရုတ်၏ လုပ်ဆောင်ချက်သည် ရက်စက်ကြမ်းကြုတ်သည့် အပြုအမူဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်တွင် ဝေဖန်ရှုတ်ချခဲ့သည်။

စက်တင်ဘာ ၂၉ ရက်က ပါရာဆယ်ကျွန်းစု၏ ကမ်းလွန်ရေပြင်များအတွင်း ဖိလစ်ပိုင်ငါးဖမ်းသမား ၁၀ ဦးသည် သံတုတ်များဖြင့် ရိုက်နှက်ခံခဲ့ရပြီး ဒေါ်လာသောင်းချီတန်ကြေးရှိသည့် ငါးများနှင့် ပစ္စည်းကိရိယာများ လုယူခံခဲ့ရသည်။

သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် အဆိုပါ ပါရာဆယ်ကျွန်းစုကို ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တရုတ်၊ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရူနိုင်းအကြားအငြင်းပွားလျက်ရှိသည်။

ဟန်ဆာကျွန်းစုအနီးတွင် ငါးဖမ်းနေသည့် ဗီယက်နမ်ငါးဖမ်းသမားများနှင့် ငါးဖမ်းသင်္ဘောများအပေါ် တရုတ်၏တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်သည့် အပြုအမူကို ဗီယက်နမ်က ပြတ်ပြတ် သားသားဆန့်ကျင်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗီယက်နမ်ဖမ်သူဟန်က ပြောကြားခဲ့သည်။

ဗီယက်နမ်သည် ပါရာဆယ်ကျွန်းစုကို ဟန်ဆာကျွန်းစုအဖြစ် သတ်မှတ်ခေါ်ဆိုခြင်းဖြစ်သည်။

“တရုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့ အထက်ဖော်ပြပါ လုပ်ဆောင်ချက်တွေဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာကိုဆိုးရွားစွာချိုးဖောက်နေပါတယ်”ဟု ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်ခံခဲ့ရသည့် ဗီယက်နမ်ငါးဖမ်းသမားများအနက်လေးဦးသည် ကွမ်နိုင်ဆိပ်ကမ်းသို့ စက်တင်ဘာ ၃၀ ရက်တွင်ရောက်ရှိခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်ဟု နိုင်ငံပိုင် Tien Phong သတင်းစာက ဖော်ပြခဲ့ ပြီး ထိုငါးဖမ်းသမားများကို လူအင်အား ၄၀ ခန့်က သုံးနာရီကြာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဝတ်အစား အကွက်တွေဝတ်ထားတဲ့ သူတို့တွေက ကျွန်တော်တို့တွေကို သံတုတ်တွေနဲ့ ရက်ရက်စက်စက်ရိုက်နှက်ခဲ့ပါတယ်”ဟု ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စင်း၏ သင်္ဘောကပ္ပတိန်ဖြစ်သည့် ငုယင်သန်ဘင်းက ပြောကြားခဲ့ပြီးသူသည် တိုက်ခိုက်ခံရပြီး နောက်တစ်နာရီခန့်အကြာတွင် သတိလစ်ပြီး လဲကျသွားခဲ့သည်ဟုဆိုသည်။

Tien Phong သတင်းစာ၏ ဝက်ဘ်ဆိုက်တင်ထားသည့် ဗီဒီယိုမှတ်တမ်းတွင် ဗီယက်နမ်ငါးဖမ်းသမားများကို လူနာထမ်းစင်များဖြင့်တင်ဆောင်သွားသည့် မြင်ကွင်းများကို မြင်တွေ့ရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဒေါ်လာ ၂၀၀၀၀ ခန့်တန်ကြေးရှိသည့် ပစ္စည်းကိရိယာများနှင့် ငါးများလည်း ခိုးယူခံခဲ့ရသည်ဟု ကပ္ပတိန်ဘင်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကမူ အဆိုပါသတင်းများသည် အချက်အလက်များနှင့် မညီညွတ်ကြောင်းပြောကြားခဲ့သော်လည်း ထိုတိုက်ခိုက်မှုဖြစ်စဉ်သည် ဖြစ်ပွားခဲ့သည်ဟု ဝန်ခံခဲ့သည်။

“တရုတ်ဟာ ရှီရှားကျွန်းစုနဲ့ အနီးတစ် ဝိုက်ကရေပြင်တွေအပေါ်မှာ အငြင်းပွားဖွယ်မရှိ အချုပ်အခြာအာဏာပိုင်ဆိုင်ထားပါတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပါရာဆယ်ကျွန်းစုကို တရုတ်အမည်ဖြင့် ရှီရှားကျွန်းစုဟုသုံးနှုန်း ပြောဆိုခဲ့သည်။

ထို့ပြင်ဗီယက်နမ်ငါးဖမ်းသင်္ဘောများသည် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ ရှီရှားကျွန်းစု၏ ရေပြင်များအတွင်း တရားမဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။                   

Ref: AFP


READ NEXT
Cancel OK