Top News

နိုင်ငံခြားငွေလဲနှုန်းများ ကျနေသော်လည်း အခြေခံစားကုန် ဈေးဆက်လက်မြင့်နေဆဲ
24htopnews | October 3, 2024 11:12 PM CST

အမေရိကန် ဒေါ်လာအပါအဝင် ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေလဲလှယ်နှုန်းများ ဆက်တိုက်ကျလာသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

ယနေ့ အောက်တိုဘာ (၃)ရက်၌ တစ်ဒေါ်လာလျှင် ငွေကျပ် (၄၆၀၀)ဝန်းကျင် ခန့်ရှိပြီး
ပြီးခဲ့သည့် လများကထက် ကျပ် (၂၀၀၀) ဝန်းကျင် ပြန်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထို့အတူ ထိုင်းဘတ်ငွေ လဲလှယ်နှုန်းလည်း ဩဂုတ်လအတွင်း ထိုင်း(၁) ဘတ်ကို ကျပ် (၂၀၀) ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ရာမှ ယနေ့တွင် (၁၄၀) ကျပ်ဝန်းကျင်ထိ ပြန်ကျလာသည်ကို တွေ့ရသည်။

ယင်းကဲ့သို့ ငွေလဲလှယ်နှုန်းများ ကျလာသော်လည်း အခြေခံစားကုန်များမှာ ဈေးမကျဘဲ အမြင့်ဈေးတွင်သာ ဆက်ရှိနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မများထံမှ စုံစမ်း သိရသည်။

“စျေးတွေ တက်တုန်းကတော့ အပြိုင်လိုက်တက်ကြတာပဲ။ အခု တစ်ပတ်နဲ့ တစ်ပတ်စျေးသွားရင်တောင် မတူဘူး။ စျေးကတက်နေတုန်းပဲ” ဟု တာမွေမြို့နယ်မှ အိမ်ရှင်မ တစ်ဦးက ဆိုသည်။

နိုင်ငံခြားငွေစျေးကွက်အတွင်း စျေးအပြောင်းအလဲများကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများသည် (၂၀)ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းအထိ ပြီးခဲ့သည့်လပိုင်းများက ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အခြေခံကျသည့် စားသောက်ကုန်အများစုကို ထိုင်းနှင့် တရုတ်နယ်စပ်များမှ တင်သွင်းပြီး အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်းအပါအဝင် ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေ အတက်အကျပေါ် မူတည်ကာ ကုန်ဈေးနှုန်းများ ပြောင်းလဲခြင်းလည်း ဖြစ်သည်။


READ NEXT
Cancel OK