Top News

အီရန်၏ တိုက်ခိုက်မှုကို ရှုတ်ချခြင်းမရှိသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း အစ္စရေး ပြောကြား
24htopnews | October 3, 2024 11:12 PM CST

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

ဂူတာရက်စ်သည် အစ္စရေးအား အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချခဲ့ခြင်းမရှိသဖြင့် ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကက်ဇ်က ပြောကြားခဲ့သည်။

လက်ဘနွန်တွင် အစ္စရေးနှင့်အီရန်၏ ကျောထောက်နောက်ခံရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား တိုက်ခိုက်မှုများ ပြင်းထန်နေချိန်တွင် အောက်တိုဘာ ၁ ရက်က အီရန်သည် အစ္စရေးကို ဒုံးကျည်အစင်း ၁၈၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုဒုံးကျည်အများစုမှာ ကြားဖြတ်ပစ်ချခံခဲ့ရသော်လည်း အချို့ဒုံးကျည်များသည် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ထိုးဖောက်ဝင် ရောက်နိုင်ခဲ့သည်။

ထိုဒုံးကျည်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဂူတာရက်စ်က အောက်တိုဘာ ၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ရာတွင် အရှေ့အလယ်ပိုင်းပဋိပက္ခ ကျယ်ပြန့်သည်ထက် ပိုမိုကျယ်ပြန့်လာစေရန် လုပ်ဆောင်နေမှုကိုရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ထိုနေ့အစောပိုင်းကပင် အစ္စရေးသည် ၎င်း၏စစ်သားများကို လက်ဘနွန်နိုင်ငံတောင်ပိုင်းသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကက်ဇ်ကမူ ဂူတာရက်စ်သည် အီရန်ကို ဝေဖန်ရှုတ်ချရန်ပျက်ကွက်မှုကြောင့် အစ္စရေးတွင်ကြိုဆိုလက်ခံနိုင်ဖွယ်မရှိသူအဖြစ် သတ်မှတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“အစ္စရေးအပေါ် အီရန်ရဲ့ ဆိုးရွားတဲ့တိုက်ခိုက်မှုကို ကမ္ဘာ့နိုင်ငံအားလုံးနီးပါးက ရှုတ်ချနေချိန်မှာ အီရန်ကို ပြတ်ပြတ်သားသား ရှုတ်ချခြင်းမရှိတဲ့ ဘယ်သူမဆိုဟာ အစ္စရေးမြေပေါ်မှာ ခြေချဖို့ မထိုက်တန်ပါဘူး”ဟု ကက်ဇ်က ပြောကြားခဲ့သည်။

“အန်တိုနီယိုဂူတာရက်စ် ရှိရှိ၊ မရှိရှိ အစ္စရေးဟာ ကိုယ့်ပြည်သူတွေကို ဆက်လက်ကာကွယ်သွားမှာဖြစ်ပြီး နိုင်ငံဂုဏ်သိက္ခာကို ထိန်းသိမ်းသွားမှာဖြစ်တယ်”ဟု ကက်ဇ်က ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက မက်သူးမီလာ၏ သတင်းစာရှင်းလင်းပွဲတွင် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် မီလာက “အခုလိုလုပ်ဆောင်မှုတွေဟာ အစ္စရေးအ တွက် ကမ္ဘာအလယ်မှာ ရပ်တည်မှုကိုမြှင့်တင်ရာမှာ အပြုသဘောမဆောင်ပါဘူး”ဟု ဖြေကြားခဲ့သည်။

ဂူတာရက်စ်သည် အစ္စရေး၏ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပြီးနောက် တစ်ရက်အကြားတွင် အစ္စရေးအပေါ် အီရန်၏ တိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုက်ခိုက်နေသည့် သံသရာကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း ဂူတာရက်စ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်  ပြောကြားခဲ့သည်။

“ဧပြီလတုန်းက အစ္စရေးအပေါ် အီရန်ရဲ့တိုက်ခိုက်မှုကို ရှုတ်ချခဲ့သလိုမျိုး မနေ့က ဖြစ်စဉ်မှာလည်း ကျွန်တော့်အနေနဲ့ ရှုတ်ချခဲ့သင့်တာပါ။ အခုထပ်ပြောပါမယ်။ အောက်တိုဘာ ၁ ရက်က အစ္စရေးအပေါ် အီရန်ရဲ့ ကြီးမားတဲ့ ဒုံးကျည်တိုက်ခိုက်မှုကို ကျွန်တော်ပြတ်ပြတ်သားသား ရှုတ်ချပါတယ်”ဟု ဂူတာရက်စ် က ပြောကြားခဲ့သည်။

Ref: AFP/BBC


READ NEXT
Cancel OK