Top News

စက်မှုဇုန်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဟု ကြေညာထားသော်လည်း အချိန်မှန်မရရှိသေး
24htopnews | October 3, 2024 11:12 PM CST

စက်မှုဇုန်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဟု ကြေညာထားသော်လည်း အချိန်မှန်မရရှိသေးကြောင်း ရန်ကုန်တိုင်းရှိ စက်မှုဇုန်အချို့တွင် နေထိုင်သူများထံမှ သိရသည်။

“မီးက မလာတာကများတယ်။ စက်မှုဇုန်မှာက။ နေ့လည်ပိုင်းလောက်ဆိုပြတ်တာများတယ်။ တစ်ရက် ရှစ်နာရီက အပြည့်မလာဘူး။ အလုပ်လုပ်ရတာ တော်တော်အဆင်မပြေဘူး” ဟု သာကေတစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

သာကေတစက်မှုဇုန်တွင် မီးပြတ်တောက်ရသည့်အခြေအနေနှင့် ပတ်သက်ပြီး YESC Call စင်တာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ပုသိမ်ညွန့်ဖီဒါ အောက်နေလို့ပါ။ ဝန်အားလျှော့နေရလို့ပါ။ အနည်းဆုံး နှစ်နာရီ လောက်တော့ ကြာတတ်တယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အလားတူ တောင်ဒဂုံ၊ လှိုင်သာယာစက်မှုဇုန်များတွင်လည်း တစ်ရက်လျှင် ရှစ်နာရီ ရရှိမည်ဟု ကြေညာထားသော်လည်း အပြည့်မရရှိကြောင်း အဆိုပါစက်မှုဇုန်များတွင် လုပ်ကိုင်လျက်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

“တောင်ဒဂုံမှာလည်း ခဏခဏပြတ်တယ်။ မီးလာချိန်က ရှစ်နာရီအပြည့်မရဘူး။ အများဆုံး ပြတ်တာက နေ့လည်ပိုင်းပဲ။ အလုပ်လုပ်တဲ့အချိန် ပြတ်တာကတော့ အဆင်မပြေဘူး” ဟု တောင်ဒဂုံစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနေရပ်ကွက်များကို လေးနာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများ၏ ကြေညာချက်များအရ သိရသည်။

စက်တင်ဘာ ၁ ရက်မှစတင်၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အိမ်သုံးများအတွက် ယခင်အများဆုံး ၁၂၅ ကျပ်မှ ယခုကျပ် ၃၀၀ အထိလည်းကောင်း၊ လုပ်ငန်းသုံးများအတွက် ယခင်အများဆုံး ကျပ် ၁၈၀ မှ ယခုကျပ် ၅၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။


READ NEXT
Cancel OK