Top News

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံတစ်ဝန်း စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ ခန့်ဖြင့် ဆောင်ရွက်လျက်ရှိဟုဆို
24htopnews | October 3, 2024 5:12 PM CST

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံတစ်ဝန်းစာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂ဝဝဝခန့်ဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံ အချိန်ဖြစ်ပြီး အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ကို မေးမြန်းကောက်ယူမည်ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက် နံနက်ပိုင်းမှ စတင်ကာ စာရင်းစစ်/ကောက်များသည် CAPI နည်းပညာဖြင့် Mobile Tablet များ အသုံးပြုကာ ကောက်ယူလျက်ရှိရာ အောက်တိုဘာ ၂ ရက်တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စာရင်းကောက်ကွက်ပေါင်း  ၂၇၁ ကွက်ကို စာရင်းစစ်၊ စာရင်းကောက် ၂၃ ဦးဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အတွင်း စာရင်းကောက် ကွက်ပေါင်း  ၁၀၀၀၀ ကျော်တွင် စာရင်းစစ်၊ စာရင်းကောက်ဦးရေ  ၈၀၀ ကျော်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၂ရမြို့နယ်၌ စာရင်းကောက်ကွက်ပေါင်း ၁၉၇၆ ကွက်တွင် စာရင်းစစ်၊စာရင်းကောက် ဦးရေ စုစုပေါင်း ၁၀၂၆ ဖြင့်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း စာရင်းကောက် ကွက်ပေါင်း  ၂၆၈၃ ကွက်ကို စာရင်းစစ်၊စာရင်းကောက်ဦးရေ ၁၀၄၅ ဦးဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း ၁၁၅၄၀ ကို စာရင်းစစ်၊ စာရင်းကောက်ဦးရေ ၄၂၅၉ ဦးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း ၃၆၇၅ ကို စာရင်းစစ်၊ စာရင်းကောက် ၁၂၀၂ ဦး ဖြင့်လည်းကောင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စာရင်းကောက် ကွက်ပေါင်း ၁၅၆၈၆ ကွက်ကို စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း ၇၀၇၇ ဦးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ စာရင်းကောက် ကွက်ပေါင်း ၇၁၇၃ ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်၊စေတနာ့ဝန်ထမ်း စုစုပေါင်း  ၂၉၀၉ ဦးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာရင်း ကောက်ကွက်ပေါင်း ၁၄၂၉၆ ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း ၅၄၇၈ ဦးဖြင့် လည်းကောင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ(၆)နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ရာ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများကို တစ်နိုင်ငံလုံးမှာရှိသော လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းကောက်ယူသည့် လုပ်ငန်းဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများရရှိစေခြင်း၊ ယခင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့် ယခုကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များကို နှိုင်းယှဉ်ဆန်းစစ် လေ့လာနိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေးနှင့် အခြားနမူနာ ကောက်စစ်တမ်းများအတွက် အခြေခံစာရင်းအင်းများ ရရှိနိုင်ခြင်း၊ သက်ဆိုင်ရာဒေသအလိုက် လိုအပ်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တွက်ချက်နိုင်ခြင်းစသည် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK