Top News

မုံရွာမြို့ ၊ ရပ်ကွက်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်း စတင်ကောက်ယူ
24htopnews | October 2, 2024 10:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ၊ ရပ်ကွက်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ကော်မတီအဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာလ(၁)ရက် နံနက်ပိုင်းစတင်ပြီးက စာရင်းစစ် စာရင်းကောက်များဖြင့် ကောက်ခံလျက်ရှိကြောင်း မုံရွာမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီမှ သိရသည်။

“မြန်မာနိုင်ငံရဲ့ တိကျမှန်ကန်တဲ့ လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာစာရင်းအင်း အချက်အလက်တွေကို အချိန်နဲ့တပြေးညီ စဉ်ဆက်မပြတ်ရရှိစေဖို့၊ ၂၀၁၄ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အကြားမြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုတွေကို နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လူမှုရေး၊ စီးပွားရေး စီမံခန့်ခွဲရေးကိစ္စတွေအတွက် မူဝါဒချမှတ်နိုင်ရေး အထောက်အပံ့ပြုနိုင်ဖို့နဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် မဲစာရင်း မှန်ကန်စေရေး အထောက် အကူဖြစ်စေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင် စာရင်းတွေကောက်ခံနေတာဖြစ်ပါတယ်” ဟု မုံရွာမြို့နယ် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဌေးက ပြောသည်။

အောက်တိုဘာလ (၁) ရက် နံနက် (၇) နာရီ မှ စတင်ကာ မုံရွာမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရုံးကြီးရပ်ကွက် ၊ဘုရားကြီးရပ်ကွက်များတွင် စာရင်းစစ်၊ စာရင်းကောက် အဖွဲ့အသီးသီးဖြင့်ကောက်ခံနေသည့်အပြင် အနောက်မြောက်တိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း၌လည်း အောက်တိုဘာလ (၁) ရက် နံနက်မှ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့ မြို့ပေါ်ရပ်ကွက် (၃၁)ရပ်ကွက်တွင် ကောက်ကွက်ပေါင်း (၄၂၆) ကွက်တွင် စာရင်းစစ် စာရင်းကောက် အဖွဲ့ (၃၁) ဖွဲ့ စုစုပေါင်း (၁၇၅) ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်ဖြင့် ကောက်ယူနေခြင်း ဖြစ်သည်။

အဆိုပါ စာရင်းကောက်ခြင်း လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးဆန်းအောင်နှင့် မုံရွာခရိုင်နှင့် မြို့နယ် သန်းခေါင် စာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက လိုက်ပါကြီးကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။


READ NEXT
Cancel OK