Top News

သုခဒဂုံပြည်သူ့အငှားအိမ်ရာ၏ ထပ်မံပြီးစီးသည့် အခန်းပေါင်း ၆၀၀ တွင် နေထိုင်မည့်သူများကို မကြာခင်ရွေးချယ်မည်
24htopnews | October 2, 2024 10:12 PM CST

ဒဂုံမြို့သစ်တောင်ပိုင်းတွင် အကောင်အထည်ဖော်‌ ဆောင်ရွက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် အခန်းပေါင်း ၆၀၀ တွင်နေထိုင်မည့်သူများကို မကြာခင်ရွေးချယ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ အသိပေးကြေညာထားသည်။

ထို့ပြင် ပြီးခဲ့သည့်မေလတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့် တိုက် ၅၀ လုံး၏ အခန်းပေါင်း ၈၀၀ အနက် တိုက် ၄၈ လုံး၏ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများရရှိပြီးဖြစ်သည့်အတွက် နေထိုင်ခွင့်ရသူများကို အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကိုဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ပထမအဆင့်နှင့် ဒုတိယအဆင့်အငှားချထားမှုများတွင် ကနဦးကြေညာထားချက်အရ သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော်တည်ဆောက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK