Top News

■ အစ္စရေးကို အီရန်က ပဲ့ထိန်းဒုံးကျည် ၁၈၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်
24htopnews | October 2, 2024 10:12 PM CST

■ အစ္စရေးကို အီရန်က ပဲ့ထိန်းဒုံးကျည် ၁၈၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်

■ အီရန်အနေဖြင့် အစ္စရေးကို တိုက်ခိုက်ခဲ့သည့်အတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြောကြား

အောက်တိုဘာ ၁ ရက်တွင် အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် အီရန်အနေဖြင့် ထိုတိုက်ခိုက်မှုအတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့သည်။

အီရန်ကလည်း အစ္စရေး၏တုံ့ပြန်တိုက်ခိုက်မှုသည် အစ္စရေးအတွက် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ကျယ်ပြန့်သည့်စစ်ပွဲတစ်ခုပေါ်ပေါက်လာမည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

အမေရိကန်ကမူ ၎င်း၏ မဟာမိတ်ဖြစ်သည့် အစ္စရေးဘက်မှ အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့ချိန်တွင် အီရန်စစ်တပ်က အစ္စရေးအားထောက်ခံသူများအနေဖြင့် အီရန်ကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်မည်ဆိုပါက ဒေသတွင်းရှိ ၎င်းတို့၏ စစ်စခန်းများနှင့် အကျိုးစီးပွားများကို အီရန်က ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

"အီရန်ကတော့ ဒီနေ့ညမှာ အမှားကြီး မှားခဲ့တာဖြစ်တယ်။ အဲဒီအတွက် သူတို့ပြန်ပေးဆပ်ရလိမ့်မယ်။ ကျွန်တော်တို့ကို တိုက်ခိုက်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့က ပြန်တိုက်မှာဖြစ်တယ်" ဟု နေတန်ယာဟုက သတိပေးခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်ကလည်း အီရန်အား အပြစ်ပေးသွားမည်ဖြစ်ကြောင်း သီးခြားကြေညာချက်ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁ ရက်ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် အီရန်က ပဲ့ထိန်းဒုံးကျည် ၁၈၀ ကျော်ဖြင့် အစ္စရေးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အီရန်တပ်ဖွဲ့များသည် အသံထက်မြန်သည့် Fattah ဒုံးကျည်များကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ပြီး ပစ်လွှတ်ခဲ့သည့် ဒုံးကျည်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းသည် အစ္စရေးရှိ ပစ်မှတ်များကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

အစ္စရေးကမူ အမေရိကန်ဦးဆောင်သည့် ကာကွယ်ရေးညွန့်ပေါင်းတပ်ဖွဲ့နှင်ပူးပေါင်းပြီး ဒုံးကျည်အများစုကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဟာဂါရီက ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံအလယ်ပိုင်းကို အီရန်ဒုံးကျည်အနည်းငယ်သာထိမှန်ခဲ့ပြီး ထိုဒုံးကျည်တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

■ Ref: Reuters

 


READ NEXT
Cancel OK