၂၀၁၅ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံတစ်ဝန်း ရေကြီး၊ ရေလျှံ၊ မြေပြိုမှုတွေ အတော်လေးဖြစ်ခဲ့ပြီး ကျွန်တော်တို့ အစုအဖွဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးဘက်ကို သွားရောက်ကူညီခဲ့တာ ပြန်အမှတ်ရမိနေပါတယ်။ ကျွန်တော် နေထိုင်တဲ့ မော်လမြိုင်မြို့က အခုနှစ်ပါဆိုရင် နှစ်ကြိမ်တိတိ ရေနစ်မြုပ်ခံနေရချိန်မှာ အတိတ်ကို ပြန်တွေးကြည့်မိပါတယ်။၂၀၁၅ ခုနှစ်ကနေ စရေတွက်ရင် ယခုနှစ်အထိ မွန်ပြည်နယ်မှာ သဘာဝဘေးဒဏ် မဖြစ်ခဲ့တဲ့ခုနှစ် မရှိသလောက်ပါပဲ။ ရေကြီးနစ်မြုပ်တယ်၊ လေပြင်းတိုက်တယ်၊ ကမ်းပါးပြိုတယ်။ ဒါက မိုးတွင်းရာသီမှာ အဓိက ဖြစ်နေသလို ဆောင်းရာသီနဲ့ နွေရာသီတွေမှာလည်း ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အခုနှစ်မှာတော့ မြေပြိုကျမှုတွေပါ ဖြစ်လာသလို လူသေဆုံးမှု များပြားလာခဲ့ပါတယ်။
ဖြစ်ပေါ်လာတဲ့ သဘာဝဘေးတွေဟာ တစ်နှစ်ထက်တစ်နှစ် လျော့ပါးမလာဘဲ ပိုပို ဆိုးရွားလာတာဖြစ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကလည်း တစ်စထက်တစ်စ ပိုများလာနေပါတယ်။
ဒီအချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်လူငယ်တစ်ယောက်အနေနဲ့ သဘာဝဘေးကို ထိုင်ကြည့်ရင်း အကြောင်းအရာတချို့တွေးကာ စိုးရိမ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ကျွန်တော့်စိုးရိမ်မှုတွေကို ကျွန်တော် အ တွေးပေါ်သလောက် ဒီစာကို ချရေးတာဖြစ်လို့ အကြောင်းအရာတွေက အစဉ်လိုက်ဖြစ်ချင်မှ ဖြစ်ပါမယ်။
■ ပလတ်စတစ်အသုံးပြုမှု
ကမ္ဘာကြီးမှာ ပလတ်စတစ် အသုံးပြုမှုမြင့်မားခြင်းကို တားမြစ်ဖို့ ကျွန်တော်တို့တတွေ အပါအဝင် လူသားတွေက အတော်လေးကို လှုပ်ရှားကြပါတယ်။ ကုန်းနေရေနေ သတ္တဝါတွေဟာ ပလတ်စတစ်ကြောင့် ထိခိုက်မှုတွေ ဖြစ်ရကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ တစ်စိတ်တစ်ဒေသဖြစ်နေကြောင်း ကျွန်တော်တို့နားတွေထဲကို တစိုက်မတ်မတ် နေ့စဉ်ကြားနေရပါတယ်။ ဒါပေမဲ့ပေါ့ပါးပြီး လွယ်ကူတဲ့ ပလတ်စတစ်အသုံးပြုမှု လျော့ကျဖို့ ကျွန်တော်တို့ ဘယ်လိုမှ မစွမ်းသာသေးပါဘူး။ သဘာဝဘေးခံရပြီး နောက်ဆက်တွဲ အရေးပေါ်တုံ့ပြန်မှုလုပ်တဲ့အခါမှာ အများက ပေါ့ပါးပြီး လွယ်ကူတဲ့ ပလတ်စတစ်အိတ်၊ ဖော့ဘူးတွေ ထောင်နဲ့ချီ၊ သောင်းနဲ့ချီ အသုံးပြုခဲ့ကြပြီး ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို ကျွန်တော် စိတ်ပူခဲ့ပါတယ်။ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ပလတ်စတစ်ဘူးတွေ၊ ပလတ်စတစ်တွေ၊ ရေပြန်ကျချိန်မှာ လမ်းတွေပေါ်ပြန့်ကျဲနေခဲ့တဲ့ ပလတ်စတစ်တွေအတွက် ကျွန်တော် စိတ်ပူနေပေမဲ့ ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ အဖြေမရှိခဲ့ပါဘူး။ အခက် အခဲရှိနေချိန်မှာ ဘယ်သူမဆို လွယ်ကူသလို လုပ်မှာဖြစ်တဲ့အတွက် ပလတ်စတစ် မသုံးဘဲ၊ ဖော့ဘူးမသုံးဘဲနဲ့ ပံ့ပိုးမှုလုပ်ဖို့ နည်းလမ်း မတွေ့ပါဘူး။ ကြားဖူးသလောက် ပလတ်စတစ်ဖော့ဘူးတစ်ခုရဲ့ သက်တမ်းဟာ နှစ် ၅၀ လောက်အထိ ကြေပျက်ဖို့ ခက်တယ်ဆိုတော့ အနာဂတ်မှာ ပလတ်စတစ်နဲ့ ဖော့ဘူးဆိုးကျိုး ဘာဆက်ဖြစ်လာမယ်မသိတာက ကျွန်တော့်အတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
■ သတင်းအချက်အလက် မရရှိမှု
ငါးနှစ်ဆက်တိုက်လောက် သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ မွန်ပြည်နယ်မှာ သဘာဝဘေးနဲ့ပတ်သက်ပြီး ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှု အစရှိတဲ့ အခြေအနေတွေကို ညွှန်းပြတဲ့ တိကျတဲ့ သတင်းအချက်အလက်ကို အချိန်နဲ့တစ်ပြေးညီ ခုအချိန်ထိ မရရှိနိုင်သေးပါဘူး။ ဒါ့အပြင် ဘယ်သတင်းအရင်းအမြစ်ကို ကြည့်ပြီး အတည်ပြုရမယ်လို့ မသိတဲ့အခါမှာ ကောလာဟလတွေရဲ့ ပြုစားမှုဒဏ်ခံရတာ တွေ ရှိလာပါတယ်။
မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာမျက်နှာကို ဖွင့်ကြည့်တဲ့အခါမှာ အစိုးရအဖွဲ့က သဘာဝဘေးကူညီရေးအတွက် သွားလာနေတဲ့ပုံတွေကိုပဲ အဓိကတွေ့ရသလို တစ်ခါတစ်ရံမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်စာမျက်နှာကနေ ကောလာဟလတွေကို မယုံကြည်ဖို့ ဆိုတာမျိုးလည်း တက်လာတာဟာ ဘယ်နေရာကနေ သတင်းရင်းမြစ်ကို အတိအကျနဲ့ ယူရမယ်ဆိုတာက လွယ်ကူမနေဘူးဆိုတာ ညွှန်ပြနေသလိုပါပဲ။
တိကျတဲ့ သတင်းအချက်အလက်နဲ့ ယုံကြည်ရတဲ့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို မထားနိုင်တဲ့အခါ လှူဒါန်းသူနဲ့ အလှူလက်ခံရရှိသူတွေကြားမှာ နားလည်မှုလွဲတာတွေ၊ ပဋိပက္ခတွေ၊ ပိုလျှံသူက ပိုတယ်၊ လိုနေသူက မရတာတွေ ဖြစ်နေတတ်ပါတယ်။
အရေးပေါ်အခြေအနေ ဖြစ်လာတဲ့အခါမှာ တိကျတဲ့သတင်းအချက်အလက် ထုတ်ပြန်ရေး၊ တိကျတဲ့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ထားရှိရေးဟာ သိပ်အရေးကြီးပါတယ်။ ဒါတွေ မရှိတဲ့အခါမှာ အများက အဆင်ပြေသ လို သွားလာလှုပ်ရှား၊ Facebook ကနေရတဲ့ သတင်းအချက်အလက်တွေကို အတည်ပြု သွားလာရတာမျိုးတွေနဲ့ဆိုတော့ စနစ်ကျဖို့၊ အဆင်ပြေဖို့ဆိုတာတွေက အတော်လေး မလွယ်ကူတော့ပါဘူး။
ဒီအခါမှာ ကျွန်တော်တို့ မသိနိုင်တော့တာက ဘယ်နေရာကို အလှူပစ္စည်း ဘယ်လောက်ရောက်ပြီးပြီလဲ။ ဘယ်လို အမျိုးအစားတွေ ရောက်ခဲ့ပြီးပြီလဲ။ ဘာတွေ လိုအပ်နေသေးလဲဆိုတာပါပဲ။ ဒီထက်ပိုပြီး ချဲ့ကား တွေးရရင် ပျက်စီးမှုအတိုင်းအတာနဲ့ ပြန်လည်ဖြည့်ဆည်းမှု အတိုင်းအတာကရော ဘယ်လိုလဲဆိုတာ ကျွန်တော်တို့ မသိနိုင်တော့ပါဘူး။
ဒီလိုအခြေအနေတွေ ဖြစ်နေတာဟာ ကျွန်တော့်အတွက်တော့ စိုးရိမ်စရာကောင်းတယ်လို့ မြင်ပါတယ်။ ပိုတဲ့သူတွေက ပိုနေပြီး လိုတဲ့သူတွေက လိုနေတုန်းဆိုရင် ပြီးပြည့်စုံတဲ့ သဘာဝဘေးကယ်ဆယ်မှု မဖြစ် တော့ပါဘူး။
■ ပြန်လည်ထူထောင်ရေး၏ အရေးပါမှု
သဘာဝဘေးဒဏ်ခံ ငါးနှစ်တာအတွေ့ အကြုံအရ အများစုက အရေးပေါ်ကူညီရေး (Emergency Response) ကို အားသန်ပါတယ်။ ရေရှည်ထူထောင်ရေးကျရင် အာရုံစိုက်မှု လျော့နည်းလေ့ရှိပါတယ်။ ဒါက သမားရိုးကျ တွေးကြည့်တာပါ။
ပြန်လည်ထူထောင်ရေးအတွက် တကယ့်တကယ် ဘယ်သူ့မှာ တာဝန်အဓိကရှိနေသလဲဆိုတာ ကျွန်တော် မသိပါဘူး။ မြန်မာနိုင်ငံအစိုးရမှာတော့ သဘာဝဘေးပြန်လည်ထူထောင်ရေးအတွက် ပြည်ထောင်စု အဆင့်မှာရော၊ ပြည်နယ်အဆင့်မှာရော မူဘောင်တွေ ရေးဆွဲထားတာရှိပါတယ်။ အဲ့ဒီမူဘောင်တွေဟာ ဘယ်လောက်အလုပ် ဖြစ်ခဲ့တယ်။ ဘယ်လောက်အလုပ်မဖြစ်ခဲ့ဘူး ပြန်လည် သုံးသပ်ပြင်ဆင်လုပ်ဆောင်ကြ တယ်ဆိုတာမျိုးလည်း ခုချိန်ထိမတွေ့ပါဘူး။
တစ်ဖက်မှာလည်း ပြန်လည်ထူထောင်ရေး လုပ်ဖြစ်ဖို့ တစ်ဦးချင်းစီရဲ့ အခက်အခဲ ဘယ်လောက်တောင် ရှိနေလဲဆိုတာ ပြောမပြတတ်ဘူး။ ရေးမြို့နယ်မှာ တစ်ခါမှ မဖြစ်ဖူးတဲ့ ရေနစ်မြုပ်မှုကြုံရအပြီး အများပြည်သူက ရေဘေးဆိုတာနဲ့ အတော်လေး ထိတ်လန့်နေတာကို သတိထားမိပါတယ်။ ရေသာတက်လာတယ်။ ဘယ်လိုပြင်ဆင်ကာကွယ်ရမယ်ဆိုတာ မသိခဲ့တော့ ထိခိုက်မှု အတော်လေးများခဲ့တယ်လို့ မေးမြန်းမှုတွေအရ သိရပါတယ်။
ပြန်လည်ထူထောင်ရေးက လုပ်ငန်းစဉ် အဆင့်ဆင့်ရှိတယ်လို့ မှတ်သားမိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထူထောင်ရေးသာမက စိတ်ပိုင်းဆိုင်ရာ ထူထောင်ရေးတွေလည်း လုပ်ဖို့လိုပါတယ်။ ဒီအဆင့်ကို သွားဖို့အတွက် စနစ်တကျ အစီအစဉ်တွေ လိုတယ်၊ ရန်ပုံငွေတွေ လိုတယ်၊ အများ ပူးပေါင်းပါဝင်နိုင်မှုတွေ လိုပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီအခြေအနေဖြစ်ဖို့ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း မတွေ့ခဲ့ရသလို အခုနှစ်ဖြစ်စဉ်မှာလည်း တွေ့ရဖို့ မသေချာပါဘူး။
အရေးပေါ်တုံ့ပြန်ထားတဲ့ ပစ္စည်းပုံတွေကို ကြည့်ရင်း ကာလအတန်ကြာ ပြန်လည်မထူထောင်နိုင်ခဲ့တဲ့ နာဂစ်ဖြစ်စဉ်ကို တွေးရင်း ကျွန်တော် စိုးရိမ်စိတ်တွေ ဖြစ်လာမိပါတယ်။
■ လူပဲရှိတယ် နည်းပညာမရှိဘူး
သဘာဝဘေးဖြစ်လာတာနဲ့ ထိုင်ကြည့် ဖြစ်မယ့်သူ မရှိပါဘူး။ အားလုံး ထွက်လာ ၀ိုင်းကူကြတာပါပဲ။ လိုအပ်တဲ့ လုပ်အားရနိုင်ပေမဲ့ နည်းပညာအခြေပြု လုပ်အားရဖို့တော့ မလွယ်ကူတော့ဘူး။
ဥပမာ သတင်းထုတ်ပြန်ရေး ဘယ်လို လုပ်မလဲ။ Assessment ဘယ်လိုလုပ်မလဲ။ Food Distributioin Plan ဘယ်လိုလုပ်မလဲ။ Offline Communication Channel ဘယ်လိုဆောက်မလဲ။ Documentation ဘယ်လိုလုပ်မလဲ။ Public Reporting ဘယ်လိုလုပ်မလဲ။ အဲဒါတွေအားလုံးပေါင်းပြီး တစ်ခုတည်းဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒီအလုပ်တွေကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ မစွမ်းသာတော့ပါဘူး။
ကယ်ဆယ်ရေး၊ ကူညီရေးဆိုတာနဲ့ လူတွေက တက်ကြွကြပါတယ်။ အားကြိုးမာန်တက်ပါပဲ။ ဒါပေမဲ့ ကိုယ့်နေရာမဟုတ်ဘဲ လာကူရတဲ့လူတွေအနေနဲ့ မြေပြင်အခြေအနေအကြောင်း အများကြီး မဟုတ်တောင် အနည်းငယ် ထိစပ်ဖို့လိုသလို ကယ်ဆယ်ရေး၊ ကူညီရေးနည်းပညာတွေ ရှိထားဖို့ လိုပါတယ်။
ဒါ့အပြင် Emergency Response မှာ နည်းပညာလည်း လိုအပ်ပါတယ်။ ဒီနည်းပညာ အားနည်းတဲ့အခါမှာ သွားရောက် ကယ်ဆယ်သူကိုယ်တိုင်က သားကောင်ပြန်ဖြစ်သွားတဲ့၊ အသက်ဆုံးရှုံးသွားတဲ့ သာဓကတွေ မြန်မာပြည်မှာ အများကြီးရှိခဲ့ပါတယ်။
နောက်တစ်ခုက လိုအပ်ချက်များပြီး လူ့အရင်းအမြစ် (နားလည်တတ်ကျွမ်းသူ)နည်းတဲ့အခါ ရှိနေတဲ့ အရင်းအမြစ်က အလုပ်ပိပင်ပန်းပြီး ဆက်မလုပ်ဖြစ်၊ မလုပ်နိုင်မှာလည်း စိုးပါတယ်။ ကျွန်တော်နဲ့ အနီးစပ်ဆုံး ရှိနေတဲ့ ကယ်ဆယ်ရေးဌာန၊ လူမှုဝန်ထမ်းဌာနဆိုရင် ဌာနရဲ့ လူအင်အားက နည်းပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ၊ ခွဲဝေရမယ့် ပစ္စည်းပစ္စယတွေ များတဲ့အခါ မနိုင်မနင်းဖြစ်နေတာ မြင်နေရပါတယ်။
■ ကဏ္ဍတစ်ခုတည်းကို အားထည့်လိုက်ရမှု
Disaster Management Plan ၊ Disaster Recovery Ploan မရှိတဲ့အခါ ဒါမှမဟုတ် ရှိပြီး စနစ်တကျ အသုံးမဝင်တဲ့အခါ အင်အားအားလုံး Disaster Issues ထဲ ထည့်လိုက်ရတဲ့အခါ တခြားကဏ္ဍတွေကို အားနည်းသွားစေပါတယ်။
သဘောက အသုံးပြုရမယ့် ဘတ်ဂျက်တွေကို တခြားခေါင်းစဉ်ထက် သဘာဝဘေးမှာအသုံးပြုရတော့ တခြားကဏ္ဍတွေအတွက် မသုံးနိုင်တော့တာ၊ ပျက်စီးမှုကို ပြန်လည် ထူထောင်နေရင်း ပျက်စီးမှု ပြန်ဖြစ်တော့ လူမှုစီးပွားတွေ မတိုးတက်လာတော့တာတွေ ဖြစ်လာပါတော့တယ်။
ကျွန်တော်တို့ လူမှုစီးပွားတွေ အလွယ် တကူ ပြန်လည်ထူထောင်နိုင်ပါ့မလားလို့ စိုး ရိမ်ရပါတယ်။
■ ကျွန်တော် စိုးရိမ်ပါတယ်
ကျွန်တော်က အဖြစ်အပျက်ကနေ သင်ခန်းစာ ယူချင်ပါတယ်။ ငါးနှစ်ဆက် တိုက်လောက်ဖြစ်နေတဲ့ သဘာဝဘေးဒဏ်ကို ကြံ့ခိုင်စွာ တုံ့ပြန်နိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ရမှာ အများကြီးရှိပါတယ်။ နိုင်ငံရေး ပဋိ ပက္ခတွေ မကျေလည်နေတုန်း၊ စစ်မက်တွေ ဖြစ်ပွားနေတုန်း၊ လူမှုပဋိပက္ခတွေထဲ နစ်မြုပ်နေတုန်း သဘာဝဘေးဒဏ်က စောင့်မနေပါဘူး။ ကျွန်တော်တို့ဆီ တည့်တည့်လာနေတာပါပဲ။ ကျွန်တော်တို့ဆီ တည့်တည့်လာနေ တဲ့ သဘာဝဘေးဒဏ်ကို ငါးနှစ်တိတိ အသေအချာ မတုံ့ပြန်နိုင်သေးပါဘူး။ လာမယ့် နှစ်တွေအတွက် ကျွန်တော် စိုးရိမ်မိပါတယ်။ ဒီမိုးရာသီမကုန်မချင်း စိုးရိမ်စိတ်တွေနဲ့ ကျွန်တော်တို့ ဖြတ်သန်းနေရပါတယ်။ မိတ်ဆွေတို့ တစ်ခုခုစဉ်းစားနိုင်ဖို့ ကျွန်တော် အလေးအနက် တိုက်တွန်းပါတယ်။
-
၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ကျင်းပ
-
ဇလွန်မြိုရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်၌ မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲနှင့် ရောင်စုံမီးအလှဆင်ပုံဖော်မှုများ ပါဝင်မည်
-
ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၁၀၆ ပွိုင့်ဝန်းကျင်ရှိပြီး ပြင်ပစျေးကွက်တွင်မူ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၉၀ ဝန်းကျင်ရှိနေ
-
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း
-
ဇူလိုင် ၂၈ ရက်တွင် ရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၂၈၀၀၀၀ ဝန်းကျင်ရှိနေ