(၇၆)ကြိမ်မြောက် ဗင်းနစ်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်ကို သြဂုတ် ၂၈ ရက်တွင် ဂျပန်ဒါရိုက်တာ ဟီရိုကာဇူကိုရီ-အီဒါ၏ The Truth ဇာတ်ကားဖြင့် ဖွင့်လှစ်ခဲ့သည်။
ပါရီတွင် ဇာတ်အိမ်တည်ရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် ဟီရိုကာဇူကိုရီ-အီဒါ၏ ပြည်ပတွင် ပထမဆုံးရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ သားအမိနှစ်ဦးကြားက ဆက်ဆံရေးအခြေအနေကို ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ပြင်သစ်သရုပ်ဆောင် Catherine Deneuve နှင့် Juliette Binoche တို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။
မိသားစုဘဝအခြေအနေအကြောင်း အသားပေးရိုက်ကူးသည့် ဇာတ်ကားများဖြင့် ထင်ရှားခဲ့သည့် ကိုရီ-အီဒါသည် ၂၀၁၈ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် Shoplifters ဇာတ်ကားဖြင့် ရွှေအုန်းပင်ဆု ဆွတ်ခူးခဲ့သည်။
The Truth ဇာတ်ကားရိုက်ကူးရာတွင် ဒါရိုက်တာနှင့် သရုပ်ဆောင်အကြား ဘာသာစကားအခက်အခဲရှိမှုကြောင့် စကားပြန်တစ်ဦးကို ရိုက်ကွင်း၌ခေါ်ထားခဲ့ရသည်ဟု ၀ါရင့်ပြင်သစ်သရုပ်ဆောင် Deneuve က ပြောကြားခဲ့သည်။
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့တွင် သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၇ ရက်အထိ ကျင်းပမည့် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ဘရက်ပစ်၊ ဂျွန်နီဒပ်၊ ခရစ္စတင်းစတူးဝပ်၊ မာရီစထရိနှင့် စကားလက်ဂျိုဟန်ဆန်တို့၏ ဇာတ်ကားများလည်း ပြသမည်ဖြစ်သည်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ရွှေခြင်္သေ့ဆုအတွက် ယှဉ်ပြိုင်မည့် ဇာတ်ကားစာရင်းတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွဲချက်ဖြင့် ရင်ဆိုင်နေရသည့် ဒါရိုက်တာ ရိုမန်ပိုလန်စကီး၏ ဇာတ်ကားပါဝင်မှုအတွက် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။
ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ဒါရိုက်တာအယ်လ်ဘတ်တိုဘာဘီရာက ပြိုင်ပွဲဝင်ဇာတ်ကားစာရင်းတွင် ပိုလန်စကီး၏ ဇာတ်ကားပါဝင်ခဲ့မှုကို ပြန်လည်ချေပခဲ့ပြီး ပိုလန်စကီးသည် ဥရောပရုပ်ရှင်လောကတွင် သက်ရှိထင်ရှားကျန်ရှိနေသေးသည့် ဆရာတစ်ဆူဖြစ်သည်ဟု ပြောကြားခဲ့သည်။
သက်တမ်းအကြာဆုံး ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည့် ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ရွှေခြင်္သေ့ဆုအတွက်ယှဉ်ပြိုင်မည့် ဇာတ်ကား ၂၁ ကားတွင် အမျိုးသမီးဒါရိုက်တာများ ရိုက်ကူးသည့် ဇာတ်ကားနှစ်ကားသာ ပါဝင်ခဲ့မှုအတွက်လည်း ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုနှစ်ရုပ်ရှင်ပွဲတော်၏ ဆုရွေးချယ်ရေး ဂျူရီအဖွဲ့ကို အာဂျင်တီးနားဒါရိုက်တာ Lucreia Martel က ဦးဆောင်မည်ဖြစ်သည်။
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်
-
မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး ရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရေး အပါအဝင် အခြားကိစ္စရပ်များ မြန်မာ-တရုတ် ဆွေးနွေး
-
တားမြစ်ဆေးသုံးစွဲမှုကြောင့် ပြိုင်ပွဲဝင်ခွင့် (၄)နှစ်ပိတ်ပင်ခံရသည့် ရိုမေးနီးယားတင်းနစ်မယ် ဟာလက် CAS သို့ အယူခံဝင်မည်
-
ဆော်ဒီသို့ ပြောင်းရွှေ့ကစားရန် မစဉ်းစားကြောင်း ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး ပြောကြား
-
ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရမည့်နည်းပြအတွက် အလေးပေးမှုတွင် မန်ယူနည်းပြ တန်ဟက်ဂ် (၁၀း၁)လေးဖြင့် စတုတ္ထနေရာသို့ ရောက်ရှိလာ